ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ၂၁) မှနေ၍ ဗန်းမော်မြို့တွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့အတွင်းကို ယနေ့ ဒီဇင်ဘာ ၈ရက်နေ့ နံနက် ၄နာရီ ၃၀မိနစ်မှစ၍ စကခ ၂၁ မှလက်နက်ကြီး များဖြင့်ပစ်ခတ်ရာ KIA ကလည်း ၁၂၂မမ လက်နက်များဖြင့် စကခ ၂၁အတွင်းသို့ ပြန်လည်ပစ်ခတ် နေကြောင်း သိရသည်။
“မြို့တွင်းမှာတိုက်ပွဲပြင်းထန်တယ်။ မံစီတပ်ရင်းတွေလည်း ရကာနီးနေပါပြီ” ဟု ကချင်သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဒီဇင်ဘာ ၇ရက်နေ့တွင် ၆မိုင်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA က အပြီးသတ်လိုက်လံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းနှင့် လက်နက်ခဲယမ်း များပါ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက Y12ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းများထားရှိသည့်နေရာကို ထိမှန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်ထံက သိရသည်။
KIA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့ နံနက် ၅နာရီမှစတင်ကာ ဗန်းမော်နှင့် မံစီမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကာကင်းစခန်းအချို့နှင့် တပ်ရင်းအချို့ကို သိမ်းယူ ထားနိုင်ခဲ့သည်။
ယခုအခါတွင် KIAက ဗန်းမော်မြို့အတွင်းထိ ဝင်ရောက်နိုင်ခဲ့ပြီး မြို့မရဲစခန်းနှင့်ရုံးကြီးကိုပါ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကာ စကခ ၂၁ ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
#ဗန်းမော် #စစ်ကောင်စီ #KIA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times