ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ရက်
တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့ကို ဧရာဝတီတိုင်းနှင့် ရန်ကုန်မှ စစ်ကူများပို့လျက်ရှိရာ အာရက္ခတပ်တော် (AA) ၏ ကြားဖြတ်တိုက်မှုကိုခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှ စတင်၍ စစ်ကူတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို AA က ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ကြောင်းကို ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများတွင် သုံးရက်အတွင်း ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း AA က ယမန်နေ့ ဒီဇင်ဘာ ၆ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၂၀ ကျော်၊ စစ်သုံ့ပန်းအချို့ နှင့် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများအရ စစ်ကြောင်းတွင် အင်အား ၁၈၄ ယောက် ပါဝင်ခဲ့ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ ၁၈ တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ ၅၁ တပ်ရင်း၊ အိမ်မဲမြို့ အခြေစိုက် ခလရ ၆၃ တပ်ရင်း နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ ၅၃၂ တပ်ရင်းတို့ ပါဝင်ကြပြီး တပ်ရင်း ငါး ရင်းစုပေါင်းထားသော စစ်ကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကူစစ်ကြောင်းမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံ ရှင်းလင်းတိုက်ခိုက်နေသကဲ့သို့ ဂွမြို့၏ အခြားသောနေရာများ၌ ရှိနေသော ရန်သူများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAက ဆိုသည်။
စစ်ကောင်စီသည် လေကြောင်း၊ ရေကြောင်း၊ မောင်းသူမဲ့ အသေခံဒရုန်း(Suicide Drone) များကိုအသုံးပြု၍ အသည်းအသန် ခုခံကာကွယ်နေသည့်ကြားမှ အပြတ်အသတ် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့များရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ယခင်ရက်များနည်းတူ AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်နေခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- ဂွတိုက်ပွဲတွင်သိမ်းဆည်းရမိသည့် လက်နက်များ
#ဂွ #စစ်ကောင်စီ #အင်အား၁၈၀ #၁၂၀သေဆုံး #AA #Ayeyarwaddy_Times