ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များ ဝင်ရောက် နေရာယူပြီး စစ်ကောင်စီစခန်းအချို့ကို သိမ်းဆည်းထားပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၆ရက်နေ့တွင် ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာရုံးပေါင်းစုံ ရုံးကြီးအား တိုက်ခိုက်သိမ်းယူပြီး နယ်မြေရှင်းလင်းနေကြောင်း သိရသည်။
“စစ်မျက်နှာ လေးခုလောက်ဖွင့်ပြီး KIAကတိုက်နေတာ။ စစ်တပ်ကတော့ အစဉ်အလာအတိုင်း လေယာဉ်နဲ့ အဓိကတိုက်တယ်ပေါ့။ နည်းပညာတက္ကသိုလ်နားမှာ တိုက်ပွဲပြင်းထန်နေတယ်။ စကခ ၂၁လည်း အနီးကပ်တိုက်ပွဲဖြစ်တယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ကို KIAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက ခမရ ၃၁၉ နှင့် ခလရ ၄၇အတွင်းသို့ Y-12ဖြင့် လက်နက်၊ခဲယမ်းအထုတ်များ ချပေးလျက်ရှိကြောင်း သိရသည်။
KIA သည် မိုးမောက်ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကိုလည်း ၆မိုင်တွင် ကြားဖြတ် တိုက်ခိုက်နေပြီး စစ်ကောင်စီက ဗန်းမော်ရှိ တာမိုင်းလုံရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့က စတင်ခဲ့သည့်တိုက်ပွဲအတွင်း KIAက စစ်ကောင်စီ စခန်း ခုနစ် ခုထက်မနည်းကို သိမ်းယူထားခဲ့ပြီး ယမန်နေ့က ခလရ ၂၃၆နှင့် ကွန်ပျူတာ တက္ကသိုလ်အနီးရှိ တပ်စခန်းတို့ကို သိမ်းယူခဲ့ကြောင်း သိရသည်။
တိုက်ပွဲကြောင့် ဗန်းမော်မြို့ ခွန်သာရပ်ကွက်၊ ဗလီနားနှင့် တပ်ကလေးရပ်ကွက်မှ ဒေသခံ ၁၀ဦးထက် မနည်းသေဆုံးပြီး ပြည်သူ ၃၀၀၀ ကျော်ပိတ်မိနေကြောင်း သိရသည်။
ပုံစာ-ရေကြောင်းမှတဆင့် ဗန်းမော်မြို့တွင်းမှထွက်ခွာနေကြသော ဒေသခံများ
#ဗန်းမော် #KIA #မြို့တွင်းနေရာယူ #မြို့မရဲစခန်း #သိမ်းပိုက် #စကခ၂၁ #တိုက်ပွဲဖြစ် #Ayeyarwaddy_Times