ဆလိုင်းဇလပ်ထန်/ဧရာ၀တီတိုင်းမ်
ဧရာဝတီတိုင်းမ်

မတူပီမြို့ကို ချင်းတော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့သည်မှာ နှစ်ဝက်ခန့်ရှိပြီ ဖြစ်သော်လည်း ဒေသခံ စစ်ရှောင်ပြည်သူ အများစုမှာ အိမ်မပြန်နိုင်ကြသေးပေ။

ချင်းပြည်နယ် တောင်ပိုင်းရှိ မတူပီမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ ၊ ချင်းညီနောင် တပ်ဖွဲ့ဝင် များနှင့် မဟာမိတ် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် အပြီး သိမ်းပိုက်နိုင်ခဲ့ပါသည်။

ချင်းပြည်နယ်ရှိ မြို့နယ်များထဲတွင် မတူပီမြို့သည် စစ်ကောင်စီ၏ ဗျူဟာကုန်း အပါအဝင် တပ်ရင်း၊ တပ်စခန်း အများဆုံးဖြင့် အခြေချထားသော မြို့နယ်တစ်ခု ဖြစ်သော်လည်း ချင်းညီနောင်နှင့် မဟာမိတ် ပူးပေါင်းတပ်များက မြို့အပျက်အစီး နည်းပါးစွာဖြင့် အလွယ်တကူ သိမ်းပိုက်နိုင်သော မြို့တခုလည်း ဖြစ်သည်။

အာဏာသိမ်းပြီး နောက်ပိုင်းတွင် မတူပီမြို့နယ်၏ ဒေသခံထက်ဝက်ကျော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ် ပြည်နယ်နှင့် ပြည်တွင်းရှိ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး မြို့သိမ်း တိုက်ပွဲ ဆင်နွှဲခါနီးတွင် မြို့လုံးကျွတ် တိမ်းရှောင်ခဲ့ကြရသည်။

ချင်းပြည်နယ် တောင်ပိုင်း မတူပီရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ၃၉,၀၈၆ ဦး ရှိကြောင်း သိရသည်။

မတူပီ မြို့သိမ်း တိုက်ပွဲကာလတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)၊ တပ်မဟာ-၁၊ ချင်းညီနောင် တပ်ဖွဲ့ဝင်များနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့နှင့် ချင်းလဲန် အစိုးရ ကာကွယ်ရေး တပ်ဖွဲ့တို့ကြား နိုင်ငံရေး၊ စစ်ရေး အမြင်မတူညီမှု တို့ကြောင့် တိုက်ပွဲဖြစ်ပွားမှုလည်း ရှိခဲ့ပြီး အဆိုပါ တော်လှန်ရေး တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုတွင် နှစ်ဖက် ထိခိုက် ကျဆုံးမှုများလည်း ရှိသည်။

မတူပီ မြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေး တပ်ဖွဲ့ အချင်းချင်းကြား ဖြစ်ပွားသော ပဋိပက္ခသည် လက်ရှိအချိန်အထိ နှစ်ဖက်ပြေလည်မှု မရရှိနိုင်သေးသည့်အတွက် မတူပီမြို့ပေါ်နှင့် ‌ကျေးလက် ဒေသများမှ စစ်ရှောင် ဒေသခံများသည် နေရပ် မပြန်နိုင်ကြသေးကြောင်း သိရသည်။

“နှစ်ဖက်ပြေလည်မှုမှ မရသေးတာ။ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်။ တိုက်ပွဲပြန်ဖြစ်ရင် စစ်ဘေး ထပ်ရှောင်ရ ဦးမယ်။ သူများနိုင်ငံမှာ စစ်ရှောင်ရတာ စိတ်ရော၊ လူရော အရမ်းပင်ပန်းတယ်။ ကိုယ့်ဒေသကို အရမ်းပြန်ချင်တာပေါ့။ အမြန်ဆုံး ပြေလည်ကြဖို့ စောင့်နေပေမယ့် လက်ရှိ အချိန်အထိတော့ နှစ်ဖက်ပြေလည်ဖို့ မျှော်လင့်ချက် နည်းသေးတယ် လို့ပဲ မြင်တယ်”ဟု မီဇိုးရမ် ပြည်နယ်တွင် စစ်ရှောင်နေသော မတူပီမြို့မှ ဒေသခံအမျိုးသား ဦးထန်ပေါလ် က ပြောပြသည်။

လက်ရှိ မတူပီမြို့ပေါ်တွင် ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၁ နှင့် အာရက္ခတပ်တော် (AA) တို့က ထိန်းချုပ်ထားပြီး မတူပီမြို့ပေါ်သို့ ဒေသခံ တချို့လည်း ပြန်လည် ရောက်ရှိ နေထိုင်ကြကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ နယ်မြေ တချို့နှင့် မတူပီမြို့ပေါ်တွင် ချင်းကာကွယ် ရေးတပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၁ နှင့် AA တို့က တပ်စွဲ နေရာယူထားပြီး ကျန်နေရာ များတွင် ချင်းလဲန် အစိုးရ ကာကွယ်ရေး တပ်ဖွဲ့များက တပ်စွဲထားသည်။

မတူပီမြို့ပေါ်နှင့် မြို့အနီးတဝိုက်တို့တွင် စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ရံဖန်ရံခါ ပြုလုပ် နေသလို ချင်းလဲန် အစိုးရကာကွယ်ရေး တပ်ဖွဲ့များနှင့် နှစ်ဖက် နီးကပ်စွာ နေရာယူ တပ်စွဲခြင်းတို့ကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။

မတူပီမြို့ ပဋိပက္ခနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့ ပြန်လည် ပြေလည် ကြရန်နှင့် စစ်ရှောင်များ အမြန်ဆုံး နေရပ်ပြန်နိုင်ရန်အတွက် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ဦး‌ဆောင်၍ ပြီးခဲ့သည့် အောက်တိုဘာလတွင် တပ်မဟာ တာဝန်ရှိ သူများနှင့် အသီးသီးတွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“နှစ်ဖက်ငြိမ်းချမ်းရေး အတွက် ပါစတာတွေ လာရောက် ညှိနှိုင်းတာ အတိုင်းမသိ ဝမ်းသာပါတယ်။ သို့သော် ဘာသာရေး အဖွဲ့က ငြိမ်းချမ်းရေးကို တရားသဖြင့် ညှိနှိုင်းဖို့တော့ လိုပါတယ်။ စိုးရိမ်တာ တစ်ခုက ပါစတာတွေက မတူလူမျိုးတွေပဲ ဖြစ်နေတော့ လူမျိုးအလိုက် ဘက်လိုက်တာမျိုး၊ အမြင် မတူမှုကြောင့် ကွဲပြားလာတဲ့ စစ်ရေး၊ နိုင်ငံရေး ပြဿနာကြားမှာ ဘာသာရေးနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းစေချင်တယ်”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၂ ၏ စစ်ရေး တာဝန်ခံ ဆလိုင်းကီမိုက ပြောကြားသည်။

ဘာသာရေး ခေါင်းဆောင်များနှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၁ ၊ တပ်မဟာ ၂ တို့ တွေ့ဆုံရာတွင် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကို လိုလားကြကြောင်း၊ မတူပီအရေးကို မတူပီပြည်သူများက ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း၊ အပစ်အခတ် ရပ်စဲရန်၊ ယုံကြည်မှု တည်ဆောက်ရန် လိုလားကြကြောင်း၊ နယ်မြေဒေသ ခွဲခြားမှုမရှိဘဲ (မူလအတိုင်း) One Amy၊ One Budget နှင့် One Command တို့ဖြင့် ဖွဲ့စည်းရန် လိုလားကြကြောင်း မီဇိုးရမ်ရောက် မတူချင်း၊ ဓမ္မ အမှုတော် ဆောင်များ မိတ်သဟာယ၏ ငြိမ်းချမ်းရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် ပြည်သူလူထုမှ အွန်လိုင်း မီဒီယာများတွင် သတင်းတု၊ သတင်းမှားများ မလွှင့်ရန်၊ တဖက်နှင့် တဖက် တိုက်ခိုက်ခြင်း၊ စိတ်ဓာတ်ပြိုကွဲအောင် သွေးခွဲပြောဆိုခြင်းများကို ရပ်တန့်စေရန်၊ တားမြစ်ရန် လိုလားကြကြောင်း၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ) တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့က မထုတ်ပြန်သော သတင်းသည် သတင်းတုသာ ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ သင့်မြတ်မှု ရရှိနိုင်ရန်နှင့် နယ်ခြားရောက် မတူ ပြည်သူလုထုများ အမြန်ဆုံး နေရပ်ပြန်နိုင်ရန် တပ်မဟာ ၁ ၊ တပ်မဟာ ၂ နှင့် သုံးပွင့်ဆိုင် အမြန်ဆုံး အတူတကွ တွေ့ဆုံခြင်း ပြုလုပ်နိုင်ရေးကို ဆက်လက်‌ဆောင်ရွက် နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တပ်မဟာ ၁ နဲ့ တပ်မဟာ ၂ ပဋိပက္ခဖြစ်တာ ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ဟာတော့ ဘယ်သူ့မှလည်း လောလောဆယ် အဖြေ မသိသေးဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ ဘာသာရေး ခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့မှ ကျွန်တော်တို့နဲ့ သီးသန့်ပေါ့လေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့တာရှိသလို တပ်မဟာ ၂ နဲ့ သီးသန့် ဘာသာရေး ခေါင်းဆောင် တွေနဲ့ တွေ့တာလည်း ရှိပါတယ်။ အဲ့ဒီအဆင့်ပဲ ရှိပါသေးတယ်။ ဆွေးနွေးမှုလုပ်မယ်။ ယုံကြည်မှု တည်ဆောက်မယ် ပေါ့လေ”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၁ ပြန်ကြားရေးမှူးက ပြောသည်။

မတူပီမြို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ အနေဖြင့် နှစ်ဖက်ငြိမ်းချမ်းရေး လိုလားကြပြီး နှစ်ဖက်ယုံကြည်မှု တည်ဆောက်နေသည့် ကာလဖြစ်သည့် အတွက် ဆွေးနွေး ညှိနှိုင်းမှု ပြီးဆုံးပြီးနောက် သဘောထား ထုတ်ပြန်သွားမည်ဟု သိရသည်။

ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ ကြား ပြေလည်မှု မရှိသေး သည့်အတွက် လုံခြုံရေးအရ လမ်းများကို ပိတ်ပင်ထား၍ မတူပီမြို့နယ်ရှိ ဒေသခံ ပြည်သူတချို့ ဖြတ်သန်း သွားလာရေးတွင် အခက်အခဲ များလည်း ရင်ဆိုင် ကြုံတွေ့ကြရသည်။

မတူပီမြို့နယ် စစ်ရှောင် ဒေသခံများအနေဖြင့် ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့ကြား နှစ်ဖက်ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိမှသာလျှင် နေရပ်ပြန်မည်ဟု ပြောဆိုကြသလို တချို့စစ်ရှောင်များက ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၁ ၏ မဟာမိတ် AA အနေဖြင့် မတူပီမြို့မှ တပ်ရုပ်သိမ်းမှသာလျှင် ပြန်လိုကြောင်း ပြောကြားမှုများလည်း ရှိသည်။

တပ်မဟာ ၁ ပြန်ကြားရေး တာဝန်ခံက“မတူပီမြို့ကို ပြည်သူတွေ မပြန်နိုင်သေးတဲ့ အကြောင်းရင်းကို ကြည့်မယ်ဆိုရင် ရာခိုင်နှုန်း အများအားဖြင့် ကတော့ ကလေးတွေ ကျောင်းတက်နေသေးတော့လေ၊ စစ်ရှောင်တဲ့ နေရာအသီးသီးမှာ ပေါ့လေ။ သူတို့က စာမေးပွဲတွေ ဖြေပြီးသွားပြီ လုံးဝကလေး တွေလည်း စာသင်နှစ် ပြီးသွားပြီ ဆိုလို့ရှိရင် ပြန်လာကြမယ် လို့တော့ ယူဆပါတယ်”ဟု ပြောဆိုသည်။

ချင်းပြည်နယ်တွင် လမ်းပန်း ဆက်သွယ်ရေးအလွန်ဆိုးဝါးနေသည့်အတွက် ပြည်ပမှ ပြည်တွင်းသို့ ရောက်ရှိရန် လမ်းခရီး ကုန်ကျစရိတ် အလွန်များပြားခြင်းကြောင့် ပိုက်ဆံ စုဆောင်းနေသူများ ရှိသလို ချင်းညီနောင်နှင့် ချင်းလဲန် ကောင်စီ တို့ကြား တိုက်ပွဲပြန်ဖြစ်ပွားပါက ထပ်မံစစ်ရှောင်နေရမည့် အခြေအနေကြောင့် မပြန်လာရဲသူများလည်း ရှိနေပြီး တပ်မဟာ ၁ အနေဖြင့် နှစ်ဖက် ဆိုးဆိုးဝါးဝါး ပစ်ခတ်မှုမျိုး မဖြစ်ပွားအောင် ရှောင်ရှားကြဖို့ ပြောကြားမှု များလည်း ရှိကြောင်း တပ်မဟာ ၁ ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

မတူပီမြို့သို့ ပြန်လည်ရောက်ရှိ နေထိုင်ကြသော စစ်ရှောင်ဒေသခံ တချို့ကို တပ်မဟာ ၁ အနေဖြင့် လူသားချင်း စာနာ ထောက်ထားရေး အဖွဲ့အစည်းထံ အကူအညီများတောင်းခံပြီး ကူညီမှုများ ပြုလုပ်နေသလို ရေဖြန့်ဝေမှုများကိုလည်း တတ်နိုင်သရွေ့ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

“နှစ်ဖက်စလုံးက လမ်းတွေ ပိတ်ထားတော့ ဘယ်သွားသွား လွတ်လွတ်လပ်လပ် သွားလို့ မရဘူးပေါ့နော်။ ပြည်ထောင်စု လမ်းမနဲ့ ဒေသခံတွေ အများစု အသုံးပြုတဲ့ လမ်းတွေမှာ ဂိတ်ချထားတယ်။ ရံဖန်ရံခါတော့ ဂိတ်ဖြတ်သန်းခွင့် ရတယ်။ ကိုယ်ရေးကိုယ်တာ လိုအပ်ချက် တွေကြောင့် ဖြတ်သန်း သွားလာမယ်ဆိုရင် ပေးမသွားခိုင်းတာတွေ ရှိတယ်”ဟု မတူပီမြို့နယ် လွီဗန်း ကျေးရွာခံ အမျိုးသမီးတစ်ဦးက ပြောပြသည်။

လက်ရှိ မတူပီမြို့တွင် လျှပ်စစ်မီး အခက်အခဲကြုံတွေ့နေရပြီး မြို့ကို သိမ်းပိုက်ပြီးနောက် ပျက်စီးနေသည့် လမ်းများကိုလည်း တတ်နိုင်သဘောက် ပြင်ဆင်နေကြောင်း သိရသည်။

မတူပီ စစ်ရှောင်ပြည်သူများမှာ လေးနှစ်ကျော် ကာလအထိ ပြည်တွင်း၊ ပြည်ပတွင် စစ်ရှောင် နေကြရပြီး စစ်ရှောင် ပြည်သူများက မိမိနေရပ်သို့ အမြန်ဆုံး ပြန်ချင်နေကြပြီဟု ဆိုသည်။

“မိမိဒေသမှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ပြန်ချင်တယ်။ တောင်ယာခုတ်မယ်။ ကိုယ့်အိမ်၊ ကိုယ့်ခြံမှာ ပျော်ပျော်ပဲ နေချင်ပြီ။ အခုတော့ မိမိရွာ၊ မိမိအိမ်တွေက ချုံပုတ်တွေ၊ တောတွေလို ဖြစ်နေပြီ။ နေရပ်ပြန်မယ့် အကြောင်းတွေ စဉ်းစားမိတိုင်း အရမ်းရင်နာမိတယ်”ဟု မီဇိုးရမ်ဒေသတွင် စစ်ရှောင်နေသည့် မတူပီဒေသခံ ဒေါ်အန်ဒိန်းက ပြောဆိုသည်။

ပြည်ပသို့ စစ်ရှောင်နေကြသော မတူပီဒေသခံများသည် စားနပ်ရိက္ခာ အပါအဝင် အခြား အခက်အခဲ ပေါင်းစုံ ရင်ဆိုင် ကြုံတွေ့နေကြသလို ပြည်တွင်း စစ်ရှောင်များသည်လည်း နေထိုင်စရိတ် အပါအဝင် ဝင်ငွေရလမ်း အခက်အခဲများ ကြုံတွေ့နေကြရသည်။

AA သည် ချင်းညီနောင်နှင့် မဟာမိတ်ဖွဲ့၍ ချင်းညီနောင်နှင့်အတူ မြို့သိမ်းတိုက်ပွဲများ အတူတကွ ဆင်နွှဲခဲ့ပြီး ကန်ပက်လက် မြို့နယ်၊ ကျင်ဒွေးမြို့၊ မတူပီမြို့နှင့် လိုင်လင်းပီ မြို့တို့ကို သိမ်းပိုက်ခဲ့သလို လက်ရှိတွင် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်နှင့်အတူ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင် လျက်ရှိသည်။

ချင်းလဲန် အစိုးရ ကာကွယ်ရေးတပ်က ဟားခါး-ထန်တလန် ကြားရှိ အလွန်အရေးပါသော တပ်စခန်း များကို တိုက်ခိုက် သိမ်းပိုက်နိုင်သလို ထန်တလန်မြို့ကိုလည်း သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နွှဲလျက် ရှိသည်။

ချင်းကာကွယ်ရေး တပ်ဖွဲ့ (မတူပီ)၊ တပ်မဟာ ၂ ၏ စစ်ရေး တာဝန်ခံ ဆလိုင်းကီမိုက “ကျွန်တော်တို့ လိုချင်တာကတော့ မြို့၊ ကျေးရွာတွေမှာ စခန်းမချချင်ဘူး။ လူထုအနေနဲ့ လွတ်လပ်စွာ သွားလာ နိုင်ရမယ်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပညာရေးကအစ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ မတူပီမြို့ကို မတူလူထု လက်ထဲပဲ ထားချင်တယ်”ဟု ဆိုသည်။ ။

#စစ်ရေး #ဒေသခံစစ်ရှောင်တွေ #အိမ်ပြန်ခက်နေဆဲမတူပီ #သတင်းဆောင်းပါး #Ayeyarwaddy_Times