
ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဒီဇင်ဘာ ၇ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းစစ်ကောင်စီစခန်းသို့ နတ်တလင်းမြို့နယ်ဘက်မှ စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေတပ်မတော် – ၃၆၀၁(PPDF)တပ်ရင်း၊ တပ်ခွဲ-၂ မှ ကြားဖြတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
နတ်တလင်းအခြေစိုက် စစ်ကောင်စီ၏ ကွင်းကျယ်အထိုင်စခန်းမှ အင်အား ၅၀ ဝန်းကျင်ဖြင့် သိမ်ကုန်းစခန်းသို့ အင်အားဖြည့်တင်းလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက သိမ်းကုန်းစခန်း အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ထမ်းစင် လေး ခုဖြင့် သိမ်ကုန်းစခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်းကိုလည်း ထုတ်ပြန်ချက်အရ သိရသည်။
“နတ်တလင်းဘက်မှာ သူတို့ကရောက်နေတာကြာပြီ။ကွင်းကျယ်မှာ အထိုင်စခန်းရှိတယ်။ အဲ့ဒီကနေ ထွက်လာတဲ့တပ်သားတွေ။ စစ်ရေးအခြေအနေအရ စစ်ဆိုင်နေတဲ့အနေအထားရှိတယ်။ ကျွန်တော်တို့ကတော့ သိမ်ကုန်းရွာမှာ ပြည်သူတွေရှိတဲ့အတွက် သွားရောက်ပစ်ခတ်တာမျိုးမလုပ်ဘူး။ သူတို့ထွက်လာရင်တော့ ကျွန်တော်တို့ တိုက်ပွဲဖြစ်ဖို့ရှိတယ်။ အခုလောလေးဆယ်တော့စစ်တပ်က သိမ်ကုန်းရွာကို ကင်းပတ်တယ်။ ကင်းပုန်းဝပ်တာမျိုးရှိတယ်” ဟု ၃၆၀၁(PPDF)တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပေါင်းတည်မြို့နယ်အတွင်းရှိ ကျောက်ကြီးတောင်အထိုင်စခန်းဘက်သို့လည်း အင်အား ၄၀ ဝန်းကျင်နှင့် သိမ်ကုန်းစခန်းသို့လည်း နတ်တလင်းကွင်းကျယ်စခန်းမှလာသည့် အင်အား ၅၀ ကျော်ဖြည့်တင်းထားပြီး ပေါင်းတည်မြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် ပေါင်းတည်မြို့နယ်နှင့် နယ်နမိတ်ခြင်းထိစပ်နေသည့် နတ်တလင်းမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် ထိတွေ့မှုများရှိနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရင်နေ့ကလည်း ပေါင်းတည်မြို့နယ်မှ နတ်တလင်းဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် နှစ် ဦး သေဆုံးခဲ့ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)
#ပေါင်းတည် #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #PPDF #Ayeyarwaddy_Times