
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းအစားထိုးလူငှါးရမ်းရန်ဟုဆိုကာ လစဥ်တိုင်းငွေကောက်ခံနေသော်လည်း စစ်သင်တန်းအတွက် လူလိုသည်ဟုဆိုကာလူငယ်အချို့ကို စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းခံရကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နို၀င်ဘာလနှင့်ဒီဇင်ဘာလအစပိုင်းတွင် စစ်မှုထမ်းသင်တန်းအပါတ်စဥ် (၇)နှင့်(၈)အတွက်လူလိုသည်ဟုဆိုကာ လူငှါးရမ်းရန်နှင့် ထောက်ပံ့ကြေးလစဉ်ထည့်၀င်နေသည့်ကျေးရွာအုပ်စုတွင်းရှိ လူငယ်လေးဦးကို လာရောက်ခေါ်ဆောင်သွားသောကြောင့် ဒေသခံများက စိုးရိမ်မှုများ ရှိနေကြောင်း ပြောကြားသည်။
“သူတို့ပဲစစ်မှုမထမ်းခြင်ရင် တစ်လ ခြောက်သောင်းပေးရမယ်ဆိုလို့ လစဥ်တိုင်းပေးနေတာပဲ။ ပြီးတော့ လူလိုတယ်ဆိုပြီး အတင်းခေါ်ခံရတယ်၊ အုပ်ချုပ်ရေးမှုးတွေကထင်တိုင်းလုပ်နေကြတာပဲ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဇီးဖြူကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းမှ ညောင်တုန်းမြို့နယ်အတွက် စစ်မှုထမ်း သင်တန်းပို့ရန် လူဥဦးရေမပြည့်မှီသောကြောင့်ယခုကဲ့သို့ ကျေးရွာမှလူငယ်များကို ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဓနုဖြူမြို့အခြေစိုက် ခမရ၁၀၈ တပ်သို့သွားရောက်
ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဧရာ၀တီတိုင်း အတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးချပြီး စိတ်ထင်သလိုငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှသိရှိရသည်။
#ညောင်တုန်းမြို့နယ် #စစ်မှုထမ်း #အစားထိုးငှါးရန် #လူလိုသည်ဟုဆိုကာ #ခေါ်ဆောင်ခံရ #Ayeyarwaddy_Times