
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်
သဘာဝဘေးအန္တရာယ် အကြီးအကျယ်ခံစားခဲ့ရသော တိုင်းနှင့်ပြည်နယ်များတွင် ပြန်လည်ထူထောင်ရေး ကောင်းစွာဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် စစ်ကောင်စီအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာရန်ပုံငွေဖြင့် ရဲစခန်းများ တည်ဆောက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ယခုနှစ် ၂၀၂၄ – ၂၀၂၅ ငွေလုံးငွေရင်း( ဖြည့်စွက်) နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံ ငွေဖြင့် ရဲစခန်း၊ အကျဉ်းစခန်းနှင့် ထွေအုပ်အဆောက်အဦးများ တည်ဆောက်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက တင်ဒါခေါ်ထားကြောင်း သိရသည်။
နေပြည်တော်အပါအဝင် မန္တလေးတိုင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်၊ ကရင်ပြည်တို့တွင် ရဲစခန်းများတည်ဆောက်ရန်အတွက် တင်ဒါခေါ်ထားခြင်းဖြစ်ပြီး ယင်းကဲ့သို့အသုံးပြုခြင်းသည် သဘာဝဘေးအန္တရာယ်ရန်ပုံငွေ ညွှန်ကြားချက်များနှင့် မကိုက်ညီကြောင်း စီဒီအမ် လူကယ်ပြန် ဝန်ထမ်းများက ပြောသည်။
“ အဲဒါကတကယ်တော့သုံးခွင့်မရှိဘူး။ ဒါက သဘာဝဘေးအတွက်ပဲထားတဲ့ရန်ပုံငွေ ၊ သဘာဝဘေး ဆိုင်ရာကိစ္စရပ်တွေမှာပဲသုံးရမယ်။ ဒါမတိုင်ခင် အရှေ့ ဖြစ်စဉ်မှာသဘာဝဘေးရန်ပုံငွေကို သူ့နေရာမှမသုံးဘဲ အခြားသုံးထားတယ်။ သူတို့မြင်တာက ဒီမှာပိုက်ဆံတွေရှိနေတယ်။ သူနေရာနဲ့သူထိထိရောက်ရောက်မသုံးဘဲ ဒီဟာငွေပုံကြီးရှိနေတယ်ဆိုတာပဲမြင်ပြီးတော့ ပြည်ထဲရေးအောက်က တည်ဆောက်ရေးတွေမှာ သုံးတာမဖြစ်သင့်တဲ့ကိစ္စပဲ။ ဒါ့အပြင် စစ်ကောင်စီက အမျိုးသားသဘာဝဘေးရန်ပုံငွေတွေကို SME လုပ်ငန်းရှင်တွေကို ချေးငွေချေးထုတ်ချေးခဲ့သေးတယ်။ ခေါင်းစဉ်နဲ့မဆိုင်တဲ့ အခြားနေရာတွေမှာ လျှောက်သုံးပစ်တာများတယ် “ ဟု NLD အစိုးရလက်ထက် လူကယ်ပြန်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရန်ကုန်တိုင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာန၊ ကရင်ပြည်၊ ပဲခူးတိုင်းတို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ အတွက် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာခေါ်ယူထားသေးသည်။
“ NDMC ရဲ့ Fund နဲ့ပတ်သက်ပြီး ဘဏ္ဍာရေး စည်းမျဥ်း ထုတ်ထားတာရှိခဲ့ပါတယ်။ ကျွန်မမှတ်မိသလောက် အဲ့ guidelines အရဆို ဒါတွေနဲ့ပတ်သက်ပြီး ခွင့်ပြုတာမျိုး မရှိပါဘူး။ ဒါပေမယ့် သူတို့ လက်ထဲရှိနေတာဆိုတော့ လုပ်ချင်သလိုလုပ်နေတယ်လို့ မြင်ပါတယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ CDM ပြုလုပ်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ဩဂုတ်နှင့်စက်တင်ဘာလတွင် တိုင်းနှင့်ပြည်နယ် ၉ ခုရှိ မြို့ပေါင်း ၅၄ မြို့နယ် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၀၀ နီးပါး၊ ပျောက်ဆုံးသု ၈၇ ဦး၊ ဒဏ်ရာရသူ ၄၈ ဦးအပါအဝင် စာသင်ကျောင်း ၅၂၉ ကျောင်း နှင့် ဘာသာရေးအဆောက်အအုံ ၂၇၆ ခုပျက်စီးကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှစတင်ကာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေထဲက ငွေကျပ် ၄၀၀ ဘီလီယံနှင့် ၂၀၂၃ ခုနှစ်တွင် ငွေကျပ် ၅၂ ဘီလီယံကို အသေးစား၊အငယ်စားနှင့်အလတ်စား ( MSME) လုပ်ငန်းများကို ပိုက်ဆံထုတ်ချေးခဲ့သည်။
NLD အစိုးရလက်ထက်တွင် သဘာဝဘေးကျရောက်ပါက ကူညီကယ်ဆယ်ရေးပြုလုပ်ရန် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခဲ့ခြင်းအတွက် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို အဂတိပုဒ်မဖြင့် မတရားထောင်ချခဲ့သည်။
ဓာတ်ပုံ – MOI
#ဘေးအန္တရာယ်ဆိုင်ရာ #စီမံခန့်ခွဲမှုဦးစီးဌာန #ရဲစခန်းဆောက်မည် #သဘာဝဘေးရန်ပုံငွေ #စစ်ကောင်စီ
#Ayeyarwaddy_Times