
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်
ထိုင်ဝမ်သို့ စစ်လက်နက်တွေ ရောင်းချမှုနဲ့ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးကုမ္ပဏီ ၁၃ ခု နဲ့ လူပုဂ္ဂိုလ် (၆) ဦးကို တရုတ်နိုင်ငံက ကြာသပတေးနေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
“ထိုင်ဝမ်လွတ်လပ်ရေးနဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးဟာ အခြေခံအားဖြင့် သဟဇာတမ ဖြစ်ပါဘူး” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပေကျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံဖို့ အမေရိကန်နိုင်ငံရဲ့ အင်အားသုံးပြီး မရမကတောင်းဆိုမှု ဟာ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ပြီး ပြန်လည်ပေါင်းစည်းရေး အောင်မြင်စေမယ့် တရုတ်နိုင်ငံရဲ့ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုကို မပြောင်းလဲစေနိုင်ဘူးလို့ သူက ဆိုပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်အစိုးရဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်သို့ ၁၇ ကြိမ်ထက်မနည်း စစ်လက် နက်တွေ ရောင်းချဖို့ အတည်ပြုခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ တရုတ်နိုင်ငံရှိ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကာ တရုတ်ကုမ္ပဏီတွေကို အဆိုပါပိတ်ဆို့ခံထိ အမေရိကန်ကုမ္ပဏီတွေနဲ့ ထိတွေ့ဆက်ဆံခွင့် ပိတ်ပင်ပြီး ပိတ်ဆို့ခံထိလူပုဂ္ဂိုလ်တွေကို ဟောင်ကောင်နဲ့ မကာအိုအပါအဝင် တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ပိတ်ပင် မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ပစိဖိတ် (၃) နိုင်ငံသို့ တရားဝင်ခရီးစဉ်တစ်ခု သွားရောက်ချိန်မှာ တရုတ်နိုင်ငံက အမေရိကန် စစ်လက်နက်ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့လိုက်တာပါ။
အမေရိကန်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေက ထိုင်ဝမ်ကို ပဋိပက္ခအခြေအနေသို့ တွန်းပို့နေတယ် လို့ လင်ကျင်းက ပြောကြားခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စောင့်ထိန်းလိုက်နာဖို့ တိုက်တွန်းလိုက် ပါတယ်။
“အမေရိကန်နိုင်ငံက ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံတဲ့ ကတိကဝတ်ကို စောင့်ထိန်းကာ ထိုင်ဝမ်သို့ စစ်လက်နက်တွေရောင်းချတာ ချက်ချင်း ရပ်ဆိုင်းပြီး စစ်ရေးနည်းလမ်းမှတစ်ဆင့် ထိုင်ဝမ် လွတ်လပ်ရေးကို ထောက်ခံတာ ရပ်တန့်ရပါမယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – Anadolu
Ref; China sanctions 13 US firms, 6 executives over Taiwan arms sales
#Ayeyarwaddy_Times