ဧရာဝတီတိုင်းမ်
(ဘားအံ)၊ ဒီဇင်ဘာ ၆ ရက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဖားပေါင်ရွာကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ အသက်လေး နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖာပွန်မြို့နယ်၊ ကမမောင်းအခြေစိုက် စစ်ကောင်စီစခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဖားပေါင်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့်လေး နှစ် အရွယ် ကလေးငယ်မှာ ဦးခေါင်းလက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး လူကြီးတစ်ဦးနှင့် တိရစ္ဆာန်အချို့လည်း လက်နက်ကြီးစများ ထိမှန်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာမရှိပါဘူး။ ခဏခဏ သူတို့ရမ်းသန်းပစ်နေတာ။ မနေ့တနေ့ကတော့ ဖာပွန်ဘက်ခြမ်းမှာ တိုက်ပွဲရှိပါတယ်။ ဖားပေါင်ရွာက တပ်မဟာ-၁ နဲ့ တပ်မဟာ-၅ ကြားမှာ ရှိနေလို့ လက်နက်ကြီးတွေ ခဏခဏ ကျပါတယ်” ဟု ဖားပေါင်ရွာ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများအပြင် စစ်ဆေးရေးတင်းကျပ်မှုများကြောင့် ဒေသခံများအနေဖြင့် ရော်ဘာစေးခြစ်ခြင်းကဲ့သို့ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်ပွားနေကြောင်း သိရသည်။

“ရွာအပြင်မှာ ညနေ ၆ နာရီဆိုဘယ်မှာမှသွားခွင့်မပြုတော့ဘူး။ ကမမောင်းမှာ ဈေးသွားဝယ်တဲ့ လူတွေကို မှတ်မိရဲ့သားနဲ့ သွားလည်းစစ်ဆေး၊ ပြန်တော့လည်းစစ်ဆေးခံရတယ်” ဟု အဆိုပါဒေသခံက ဆက်လက်ပြောပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ဖာပွန်-ကမမောင်း ကားလမ်းပေါ်ရှိ ထွီသီးအု ရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါး ဦးသေဆုံး ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးထံက သိရသည်။

ဓာတ်ပုံ – ပေးပို့
#ဘားအံ #ဖားပေါင်ရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #ကလေးငယ်သေဆုံး #Ayeyarwaddy_Times