ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၆ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကုန်ဈေးနှုန်း လေးဆခန့်တက်လာရာ လက်ရှိ အခြေခံစားသောက်ကုန်အပါအဝင် အသားနှင့်ငါးဈေးနှုန်းကြီးမြင့်လာချိန်တွင် လုပ်ငန်းရှင်များအမြတ်နည်းနည်းဖြင့်သာ တင်ရောင်းရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

လက်ရှိတွင် အသား၊ ငါးနှင့် အခြေခံစားကုန် ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုများကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့်ရောင်းချရာတွင် အမြတ်ငွေနည်းနည်းနှင့် ပမာဏများများရောင်းချပြီး ပြည်သူလူထုသက်သာချောင်ချိမှုရှိရန်လိုအပ်ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့​ခြင်းဖြစ်သည်။

စစ်ကောင်စီသည် အခြေခံစားသောက်ကုန်များထဲမှ ဆန်နှင့် စားအုန်းဆီအရောင်းဈေး တို့ကိုထိန်းချုပ်ထားပြီး အပတ် စဉ်နှင့် လစဉ်ဈေးနှုန်းများထုတ်ပြန်လေ့ရှိသည်။

စားဖိုဆောင်သီးနှံနှင့်သားငါးဈေးနှုန်းများတွင် ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ အားလူးတစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၃၅၀၀၀ နှင့် ကြက်ဥတစ်လုံး ၅၀၀ ကျပ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောကြားသည်။

“ကုန်ဈေးနှုန်းက ဘယ်ဟာမှမကျဘူး။ အကုန်တက်နေတယ်။ ဟင်းသီးဟင်းရွက်တွေလည်းတက်တယ်။ အရင်ကဆိုဆောင်းပေါက်လာရင် ဟင်းသီးဟင်းရွက်ပေါသေးတယ်။ အသီးအနှံရော အခုဘာမှမပေါဘူး။ ရေခဲသေတ္တာလည်းဘာမှမထည့်နိုင်တော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်မှု ကုန်စည်စီးဆင်းမှုကြန့်ကြာခြင်းများအပါအဝင် စစ်ဘေးရှောင်သူများပြားခြင်းနှင့် စိုက်ပျိုးထုတ်လုပ်နိုင်သူနည်းပါးခြင်းတို့ကြောင့် ကုန်စည်များဈေးမြင့်တက်နေရကြောင်းသိရသည်။

ထို့ပြင်ကုန်ပစ္စည်းတင်သွင်းရာတွင် လိုင်စင်ကန့်သတ်မှု၊ ကုန်ကြမ်းခက်ခဲမှုများအပါအဝင် လျှပ်စစ်မီးအခက်အခဲများရှိကြောင်း အသေးစားလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောကြားသည်။

အလုပ်သမားရှားပါးမှုပြဿနာနှင့်ပတ်သက်၍ သိရှိရပြီး ပြည်ပသို့ထွက်သူများသဖြင့် အလုပ်လုပ်ကိုင်မည့်စွမ်းအားများလျော့နည်းသွားကြောင်း ၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရန် အလုပ်အကိုင်များဖန်တီးပေးရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယင်းပြင်ကျန်ရှိနေသူများကို ထိုက်တန်သည့် အလုပ် အကိုင်နှင့် လုပ်ခလစာများရရှိရေးကို ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းနှင့် ပြည်နယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ပြီးကုန်ထုတ်စွမ်းအားများ မြင့်တက်လာကာ Supply နှင့် Demand မျှအောင် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ကုန်ဈေးနှုန်းမြင့် #အမြတ်နည်းနည်းတင်ရန် #စစ်ခေါင်းဆောင် #Ayeyarwaddy_Times