ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ရခိုင်ပြည်နယ်၊ အမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်အရာရှိ ဗိုလ်ကြီးအပါအဝင် ၁၂ ဦးကို တော်လှန် ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမ်းမြို့ရှိ စစ်စခန်းများနှင့် တပ်စခန်းများသိမ်းပိုက်ပြီးသည့်အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကိုပါ အာရက္ခတပ်တော် (AA) ကထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တပ်စခန်းများကို စွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးကို အရှိုချင်း ကာကွယ်ရေးတပ် (ACDF) က ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“အမ်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ။ လက်နက်တွေနဲ့ လက်တော့ပ် တွေပါ ပါလာတယ်။ ဖမ်းဆီးရမိသူတွေကို ထိန်းသိမ်းထားပါတယ်။ နေရာကတော့ လုံခြုံရေးကြောင့် ပြောလို့မရပါဘူး” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများထံမှ လက်တော့ပ်၊ ဖုန်း၊ MA 1 တစ်လက်၊ MA 3 တစ်လက်၊ Type 81 တစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည်ဆံများစသည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ACDF က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို အရှိုချင်းကာကွယ်ရေးတပ် ACDF၊ New Society Army(NSA)၊ ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PIA) စသည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း အမ်းနပခမှ ထွက်ပြေးလာသည့် ဗိုလ်မှူး ဇော်ထက်အောင်အပါ အဝင် စစ်ကောင်စီတပ်သား ၁၄ ဦးကို အမ်း-ပဒါန်းလမ်းပိုင်းတွင်း ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ဖမ်းဆီးရမိသူစုစုပေါင်း ၂၆ ဦး ကို စစ်သုံ့ပန်းဥပေဒဖြင့် ထိန်းသိမ်းထားကြောင်း တပ်ဖွဲ့ထံက သိရသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာ ၄ ရက်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမ၊ စွန်တက်ရွာနှင့် လင်းတဲရွာ ကြားတွင် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ၏ ရိက္ခာတင် ယာဉ်သုံးစီးကို PRA-Magway တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကူသွားမည့် ရိက္ခာတင်ယာဉ်သုံးစီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ကြရာ စစ်ကောင်စီတပ်မှ ကိုးဦးထက်မနည်းသေဆုံးကာ ကားနှစ်စီးပျက်စီးခဲ့ပြီး လက်နက်ငယ်များပါရရှိခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းမှာ ရှေ့ဆက်မတိုးနိုင်ဘဲ နောက်သို့ပြန်လှည့်သွားကြောင်း PRA-Magway ထံက သိရသည်။

ဓာတ်ပုံ-အရှိုချင်းကာကွယ်ရေးတပ် (ACDF)
#ရခိုင် #အမ်း #နပခ #တိုက်ပွဲ #ထွက်ပြေး #စစ်ကောင်စီဗိုလ်ကြီး #၁၂ဦး #အရှိုချင်းကာကွယ်ရေးတပ် #ဖမ်းဆီးရမိ #Ayeyarwaddy_Times