ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို စစ်ခေါင်းဆောင်ရောက်ရှိနေပြီဖြစ်ပြီး စစ်တက္ကသိုလ် (DSA) သင်တန်းဆင်းပွဲကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လောင်းသင်တန်းဆင်းပွဲအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးဒကြီးမင်းအောင်လှိုင်သည် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေပြီဖြစ်ပြီး စစ်ခေါင်းဆောင်၏ လုံခြုံရေးအတွက် ပြင်ဦးလွင်မြို့ကို အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၁မှူး) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကိုယ်တိုင်ကြီးကြပ်၍ လုံခြုံရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
“မနေ့က DSA သင်တန်းဆင်းပွဲပြီးသွားတယ်။ စစ်ခေါင်းဆောင်လည်း ရောက်နေပြီ။ မြို့ကိုတော့ ကစထမှူးနဲ့ တိုင်းမှူးတွေပါ လုံခြုံရေးယူပေးထားတယ်။ လုံခြုံရေးတွေကို အတော်ချထားတယ်။ သူတစ်ခါလာ တုန်းက ရှော့တိုက်နဲ့ပစ်ခံထားရတော့ ထပ်ဖြစ်ရင် အထောင်းခံရမှာ”ဟု စစ်တက္ကသိုလ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် အလယ်ပိုင်းတိုင်း တိုင်းမှူးမှ ရာထူးတိုး မြင့်ကာ မပခ၊ လပခ၊ နမခ စသည့်စစ်တိုင်းများကို ဦးစီးတာဝန်ယူထားသူဖြစ်သည်။
အဆိုပါ ကျောင်းဆင်းပွဲတွင် သင်တန်းဆင်းဗိုလ် လောင်းများ၏ မိဘများကို စစ်တက္ကသိုလ်ဝန်းအတွင်းမှ ပေးမထွက်ဘဲ လုံခြုံရေးတင်းကျပ်ထားကာ ယခင်ကဲ့သို့ သွားလာရေးအတွက် ယာဉ်တန်းစီစဉ်ပေးခြင်းမရှိဘဲ ကိုယ့်အစီအစဉ်ဖြင့်သာ သွားလာကြရပြီး တိတ်တဆိတ် လျှို့ဝှက်သွားလာရန်စီမံချက် ချထားကြောင်း သိရသည်။
ဗိုလ်လောင်းသင်တန်းကျောင်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်နေ့တွင် စစ်တက္ကသိုလ်(DSA) သင်တန်းဆင်း ပွဲပြုလုပ်မည်ဖြစ်ပြီး၊ ဒီဇင် ဘာ ၆ ရက်နေ့တွင် စစ်နည်းပညာ တက္ကသိုလ် (DSTA) သင်တန်းဆင်း မည်ဖြစ်ကြောင်း သိရသည်။
“မြို့ပေါ်မှာ Jammer (ရေဒီလှိုင်းနှောက်စက်) တွေကြောင့် ဖုန်းက သုံးလို့ မရသလောက်နီးပါးပဲ။ ပြတ်တောက်နေတာ။ ဈေးသည်တွေကိုလည်း ဈေးမရောင်းခိုင်းဘူး။ မနက်က ဈေးလေး မီးပွိုင့်တွေ လမ်းပိတ်ထားတာ”ဟု ပြင်ဦးလွင်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိနေချိန် ပြီးခဲ့သည့် ဧပြီလပိုင်းက ပြင်ဦးလွင် တပ်နယ်ကို ရှော့တိုက်ဒုံးပစ်ခတ်ခံရသဖြင့် စစ်ခေါင်းဆောင်မှာ ညတွင်းချင်း လေယာဉ်ဖြင့် တိမ်းရှောင်ခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ပုံစာ-ယခင်နှစ်က ပြင်ဦးလွင်တွင် ပြုလုပ်သည့် ဗိုလ်လောင်းသင်တန်းဆင်းပွဲတွေရသည့် စစ်ခေါင်းဆောင် (ပုံဟောင်း)
#မန္တလေး #ပြင်ဦးလွင် #စစ်တက္ကသိုလ် #စစ်ခေါင်းဆောင်ရောက်ရှိ #Ayeyarwaddy_Times