
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းကို ဖိတ်ခေါ်ထားသော ဥရောပ၏ “နောက်ဆုံး အာဏာရှင်နိုင်ငံ” ဟု သတ်မှတ်ခံထားရသည့် ဘီလာရုဇ် သံအမတ်ကြီးနှင့် သံတမန် ဆက်ဆံရေး၊ ကာကွယ်ရေး ပူးပေါင်းတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ခေါင်းဆောင်သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုဇ် သံအမတ်ကြီး Mr.Uladzimir Baravikou ကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်က နေပြည်တော်တွင် တွေ့ဆုံ၍ ယင်းကဲ့သို့ ဆွေနွေးခဲ့သလို စစ်ကေင်စီ တာဝန်ရှိသူများကလည်း သီခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့အပြင် ကုန်သွယ်ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊ စက်မှုနှင့် ခရီးသွား စသည့်ကဏ္ဍများတွင် ပူးပေါင်းတိုးမြှင့်ရန်နှင့် ကျောင်းသား/သူများကို လေ့လာရေးခရီး၊ သိပ္ပံနှင့် နည်းပညာဆိုင် ရာ ပညာတော်သင်များ စေလွှတ်နိုင်ရေးတို့ကိုလည်း ဆွေနွေးခဲ့ကြောင်း သိရသည်။
ဘီလာရုဇ်နိုင်ငံသည် အရှေ့ဥရောပရှိ ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ရုရှား၊ ယူကရိန်း၊ ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသလို အာဏာရှင်နိုင်ငံဖြစ်ကာ ရုရှား နှင့်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။
ယင်းနိုင်ငံ၏ သမ္မတဖြစ်သူ အလက်ဇန္ဒား လူကာရှန်ကိုသည် ၁၉၉၄ ခုနှစ်ကတည်းက အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်နေပြီး မြန်မာ့စစ်ခေါင်းဆောင်ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက်က နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ သဝဏ်လွှာပေးပို့ရာတွင် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
မကြာခင်အချိန်အတွင်း ဘီလာရုဇ်သို့ လာရောက်ကာ အနာဂတ်အတွက် နှစ်နိုင်ငံလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်သည်ဟု ဆိုထားပြီးနောက် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဘီလာရုဇ် သံအမတ်ကြီးနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ သီးခြား တွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံအကြား (၂၅) နှစ်ပြည့် သံတမန်ဆက်ဆံရေး အထိမ်းအမှတ်များ ကျင်းပ သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် ပူးပေါင်းတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဘီလာရုဇ်နိုင်ငံက ဖိတ်ခေါ်ထားသလို ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းအတွင်း တရုတ်နိုင်ငံသို့ အာဏာသိမ်းပြီးနောက် ပထမဆုံး သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင်အတွက် လေးကြိမ်မြောက် ရုရှားခရီးစဉ်လည်း ရှိနေသေးကာ ယင်းမှတစ်ဆင့် ဘီလာရုဇ်ကို ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကြောင့် မရှုမလှ စစ်ရှုံးလာသော စစ်ခေါင်းဆောင်သည် နိုင်ငံတချို့ဆီ လှည့်လည် တွေ့ဆုံ၍ အကူအညီတောင်းခံနေသလို ၎င်းတို့ ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေးအတွက် တရုတ်၊ ရုရှားနှင့် ဘယ်လာရုစ်ကိုပါ ချဉ်းကပ်လာကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
စစ်ကောင်စီကို အာဏာသိမ်းပြီးနောက် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့်နိုင်ငံ တချို့နည်းတူ ဘီလာရုဇ် နိုင်ငံကလည်း ထောက်ခံခဲ့ပြီး နည်းပညာနှင့် စစ်လက်နက် ပစ္စည်းများ ကူညီရောင်းချနေသည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် နိုင်ငံတကာတွင် ဝေဖန်ပြစ်တင်ခံနေရကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #ဘီလာရုဇ်သံအမတ်ကြီး #သံတမန်ဆက်ဆံရေး #ကာကွယ်ရေး #ပူးပေါင်းတိုးမြှင့် #ဆွေးနွေး #Ayeyarwaddy_Times