
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းများအတွက် စစ်ကောင်စီတပ်က လေကြောင်းမှ လက်နက်ခဲယမ်းများနှင့် ရိက္ခာများ ဖြည့်တင်းနေကြောင်း ဒေသခံများထံကသိရှိရသည်။
ဖလမ်းမြို့ ခလရ (၂၆၈) တပ်စခန်းကုန်းတွင် စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစ၍ မနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ထိ လေကြောင်းဖြင့် လက်နက်ခဲယမ်းများနှင့် ရိက္ခာများဖြည့်တင်းခဲ့ခြင်းဖြစ်သည်။
“ဖလမ်းမြို့ထဲက တပ်စခန်းကုန်းကို လေယာဥ်တစ်စီးနဲ့ တစ်နာရီကြာထိ လေထီးနဲ့ အထုတ်ပိုးတွေ ချပေးနေတာ တွေ့ရပါတယ်။ စုစုပေါင်း အထုတ်ရေက ၂၅ခုလောက်ရှိမယ်။ တိုက်ပွဲမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ပေးတာ ဖြစ်ဖို့များတယ်။ အထုတ်တွေက ကြီးကြီးတွေချည်းပဲ” ဟု ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ဖလမ်းမြို့တွင်းနှင့် ဖလမ်းမြို့နယ်တောင်ဘက်ခြမ်းကျေးရွာများကို ဒီဇင်ဘာ ၂ ရက်နေ့ မနက်က လေကြောင်းမှ ဗုံးကြဲတိုက်မှုပြုလုပ်ခဲ့သေးသည်။
“ဖလမ်းမှာ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားပါတယ်။ ည ၁၁ နာရီလောက်က မြို့ထဲမှာ ကြဲတဲ့ဗုံးသီးက ပေါင် ၅၀၀ ထက်ပြင်းတယ်။ ခါတိုင်းထက် အသံပိုကျယ်တယ်။တစ်မြို့လုံး မြေကြီးပါတုန်သွားတယ်။ မြို့နယ်တောင်ဘက်ခြမ်းမှာလည်း မနက်ပိုင်းက ဗုံးကြဲသွားတယ်။ဖုန်းလိုင်းမရတော့ ထိခိုက်မှုအခြေအနေမသိရသေးဘူး” ဟု ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဆေးခန်းကိုလည်း နိုဝင်ဘာလ ၂၆ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ခြောက်ဦးခန့် သေဆုံးခဲ့သည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်သွားသည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်ကြောင်း သိရှိရသည်။
#ဖလမ်းမြို့ #စစ်ကောင်စီတပ် #လေကြောင်း #လက်နက်ခဲ #ယမ်းများဖြည့်တင်းနေ #Ayeyarwaddy_Times