
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူမှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
နှစ်ကြိမ်မြောက် စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူနေသည့် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှာ ဦးမင်းဇော်ဦးဖြစ်ပြီး ရုံးတုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း ဒေသခံများကပြောသည်။
ပြည်သူ့စစ်မှုထမ်း အကျုံးဝင်သူ ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိသည့် လူငယ်များကို ငွေတောင်းသည့်အပြင် ရပ်ရွာလုံခြုံရေး ပြည်သူ့စစ် အကြုံးဝင်သူ အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်း ရှိသူများကိုလည်း ငွေတောင်းယူသည်ဟု ဒေသခံများကပြောသည်။
“ယောကျ်ားလေးရှိတဲ့အိမ်တိုင်းပေးရတယ်။ တစ်ချို့ ငွေတတ်နိုင်တဲ့ သူတွေက စစ်မှုထမ်းမလိုက်ရရေးအတွက် ငွေပေးကြတယ်။ ဆန်တောင် လပေးတို့ အကြွေးတို့နဲ့ ဝယ်စားနေရတာ၊ ခု ကုန်စျေးနှုန်းတွေနဲ့ ထမင်းနပ်မှန်အောင်စားဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့ကြားထဲ ဆီဖိုး ဆန်ဖိုးထဲက သူတိုကိုဖဲ့ဖဲ့ပေးနေရတာ့ ကျွန်တော်တို့ အတော်လေးဒုက္ခရောက်ရတယ်”ဟု ရုံးတုံးကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ အမျိုးသားများကို ကျပ်ငွေ ငါးသောင်းတောင်းယူပြီး အသက် ၃၅နှစ်မှ ၆၅နှစ် အတွင်းရှိသူများကို ကျပ်ငွေ နှစ်သောင်းကျပ် တောင်းယူသည်ဟု ဒေသခံများကပြောသည်။
“အုပ်ကြီးက ပိုက်ဆံကောက်ရင် မိဘတွေကပေးစရာ မရှိတော့အဝေးမှာ အလုပ်သွားလုပ်တဲ့ ကလေးတွေကို လှမ်းတောင်းရတယ်။ ကလေးတွေခမျာမှာ မစားရက် မသုံးရက် အလုပ်လုပ်ပြီး သူတို့ဖို့ သုံးရတယ်မရှိဘူး၊ စစ်မှုထမ်းအတွက် ပြန်ပြန်ပေးနေရတာ” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီခန့် ရပ်ကွက်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုမှာ အောက်တိုဘာလက စတင်ပြီး ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ခြိမ်းခြောက်၍ ငွေကြေးတောင်းယူမှုများကို ပိုမိုလုပ်ဆောင်လာကြကြောင်း ဒေသခံများကပြောဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ရေကြည်မြို့နယ်၊ ပိတောက်ချောင်ကျေးရွာအုပ်စု စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက စစ်ကောင်စီတပ်နှင့်ပေါင်းကာ အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ လူငယ်များ၏ နေအိမ်များကို ငွေတောင်းယူမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆ မြို့နယ်ရှိပြီး မြို့နယ်အလိုက် နည်းအမျိုးမျိုးဖြင့် ပြည်သူ့စစ်မှုထမ်းများကို စုဆောင်းလျှက်ရှိရာ သက်ဆိုင်ရာ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ကာ သင်တန်းပြီးဆုံးက ရှေ့တန်းသို့ပိုဆောင်လျှက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။
#ရေကြည် #စစ်ကောင်စီခန့် #ရပ်ကျေးအုပ်ချုပ်ရေးမှူး #စစ်မှုထမ်းအကြောင်းပြ #ငွေတောင်း #Ayeyarwaddy_Times