
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင်တင် ကျေးရွာအုပ်စုရှိ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းမှ ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၆ သင်တန်းဆင်းများကို တနင်္သာရီတိုင်းရှိ စစ်ကောင်စီတပ်များသို့ ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
ပြီးခဲ့သည့် နို၀င်ဘာ နောက်ဆုံးပါတ် အတွင်း သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းအပါတ်စဥ် ၆ မှ သင်တန်းသား ၃၀၀ ကျော်ကို ဒီဇင်ဘာ ၂ ရက်နေ့က စတင်၍ ယခုကဲ့သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ခုက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ကို စစ်အင်အားဖြည့်ဖို့လွှတ်တာ တိုင်းအတွင်းမှာ ပြန်မထားတော့ဘူး။ ပထမအပါတ်စဥ်တွေတုန်းကရခိုင်ဘက်ကိုပို့တာ တစ်ချို့ဆို သတင်းတောင်မကြားရတော့ဘူး”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာ၀တီတိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အပါတ်စဥ် ၆ ကို ပုသိမ်မြို့နယ် ၊ ရွှေမြင် တင်ကျေးရွာအုပ်စု ရှိအမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ် နှင့် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ ရှိ အမှတ် ၅ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့တွင် အင်အား(၆၀၀)ခန့်အား နှစ်နေရာခွဲကာ သုံးလအကြာသင်တန်းပေးခဲ့ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။
စစ်မှုထမ်းဥပဒေအရ သင်တန်းတက်ရသူများသည် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးများမှ ငွေပေးစေခိုင်းသူများ၊အတင်းအကျပ်နံမည် စာရင်းထည့်ခံရသူများအပြင်၊ စစ်ကောင်စီ၏ အတင်းအဓမ္မ ပေါ်တာဆွဲခြင်းခံခဲ့ရသူများပါ၀င်ကြောင်း သိရှိရသည်။
#ပုသိမ်မြို့ #စစ်လေ့ကျင့်ရေးကျောင်း #သင်တန်းဆင်းတပ်သားများကို #တနင်္သာရီတိုင်းသို့ပို့ဆောင် #ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် #Ayeyarwaddy_Times