
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
မြန်မာနိုင်ငံကို ရောက်ရှိလာသည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံပြီး နိုင်ငံတကာတွင် အပြန်အလှန် ရပ်တည်ပေးမှုများရှိသည့်အပေါ် ဆွေးနွေးကြသလို စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)နှင့်လည်း ရွေးကောက်ပွဲကိစ္စ MoU ရေးထိုးခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁ ရက်က ရောက်ရှိလာပြီးနောက် ဒီဇင်ဘာ ၃ ရက်နေ့တွင် နေပြည်တော်၌ စစ်ခေါင်းဆောင်၊ UEC ဥက္ကဋ္ဌအပါအဝင် စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာအရ သိရသည်။
ထိုသို့တွေ့ဆုံစဉ် စစ်ကောင်စီ လက်အောက်ခံ UEC ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုရှားဘက်မှ ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေနွေးခဲ့ကြောင်း သိရသည်။
“MoU ရေးထိုးတယ်ဆိုတာ ရုရှားဘက်ကနေ ရွေးကောက်ပွဲအတွက် မြန်မာကို နည်းပညာ အထောက်အကူပေးဖို့ အကူ အညီတောင်းတဲ့ အနေအထား။ ဆိုတော့ အဓိကအားဖြင့် နည်းပညာနဲ့ ငွေကြေး အထောက်အပံ့ရဖို့ လုပ်တာပါ” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယူကရိန်း ကျူးကျော်စစ်ကြောင့် ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ထာသော ရုရှားအရာရှိ တစ်ဦးဖြစ်သည့် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌသည် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ အပြန်အလှန် ရပ်တည်ပေးမှုများ၊ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ရုရှားနိုင်ငံမှ လေ့လာရေး အဖွဲ့များ ဖိတ်ခေါ်သွားမည့် အခြေအနေများကို ဆွေနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဥပဒေပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးသွား၊ အပြန်အလှန်ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ၊ လျှပ်စစ်ဓာတ်အားနှင့် စွမ်း အင်ထုတ်လုပ်ရေး လုပ်ငန်းများ စသည်တို့ကိုလည်း ဆွေနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်လည်း တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံဖလှယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေ ၃၀ ရက်ကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်ကို သွားရောက်တွေ့ဆုံကာ နှစ်နိုင် ငံ ကဏ္ဍပေါင်းစုံ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာ စသည်တို့ကို ဆွေးနွေးခဲ့သလို ဒုစစ်ခေါင်းဆောင်၊ စစ်ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီ #ရုရှားရွေးကောက်ပွဲ #MoUရေးထိုး #နိုင်ငံတကာ #အပြန်အလှန်ရပ်တည် #Ayeyarwaddy_Times