
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝါနှင့်ဝါးအခြေခံသည့် စက်မှုလုပ်ငန်းများတိုးတက်ရန်ပြောကြားနေသော်လည်း ဧရာဝတီတိုင်းရှိ စက္ကူစက်ရုံ ( သာပေါင်း) အတွက် ကုန်ကြမ်း လုံလောက်စွာရရှိရန်ခက်ခဲနေကြောင်းသိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းနှင့်ပြည်နယ်များတွင် ဝါးကုန်ကြမ်းများပေါများစွာ ရှိသည့်အတွက်ကြောင့် ဝါးအခြေခံ စက္ကူနှင့် ပျော့ဖတ်လုပ်ငန်းများဆောင်ရွက်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေသုံးစွဲမှုသက်သာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ စက္ကူစက်ရုံလည်ပတ်နိုင်ရန် ဝါးနှင့် သစ်ပွ ကုန်ကြမ်းစဉ်ဆက်မပြတ် ရရှိရန်လိုအပ်လျက်ရှိသောကြောင့် အဆိုပါစက္ကူစက်ရုံအတွက်လိုအပ်သည့် သစ်၊ ဝါးကုန်ကြမ်းများပေးသွင်းနိုင်ရေး တိုးချဲ့ စိုက်ပျိုးလိုသည့် သစ်တောစိုက်ခင်းများ အချိန်မီထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရန် လိုအပ်ချက်များကိုတင်ပြနိုင်ကြောင်း စစ်ကောင်စီ၏ ဧရာ၀တီတိုင်းဝန်ကြီးချုပ်က ဆိုထားသည်။
လက်ရှိတွင် ဘဏ္ဍာနှစ်အလိုက် သစ်တောစိုက်ခင်းများ တိုးချဲ့ထူထောင် စိုက်ပျိုးလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် စီးပွားဖြစ် သစ်တော စိုက်ခင်းများ၊ ဒီရေတောစိုက်ခင်းများကို တိုးချဲ့ထူထောင် စိုက်ပျိုးလျက်ရှိကြောင်း စစ်ကောင်စီအာဘော် သတင်းစားများ၏ ဖော်ပြချက်အရ သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၃ ဩဂုတ်လပိုင်းက စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းလက်အောက်ရှိ သဘာဝဓာတ်ငွေ့သုံး သတင်း စာစက္ကူစက်ရုံ ( သာပေါင်း) နှင့် အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) ကို တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ စက်ရုံများတွင် ကုန်ကြမ်း လုံလောက်စွာရရှိရန် ခက်ခဲနေခြင်းဖြစ်သည်။
ဓာတ်ပုံ MOI
#ဧရာဝတီတိုင်း #သာပေါင်းစက္ကူစက်ရုံ #ကုန်ကြမ်းလုံလောက်စွာရရှိရန်ခက်ခဲ #Ayeyarwaddy_Times