
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ရက်
ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မံစီမြို့နယ်တို့ရှိ စစ်ကောင်စီစခန်းများကို ယနေ့နံနက်ပိုင်းတွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။
ဗန်းမော်- မံစီသွားလမ်းပေါ်ရှိ စစ်ကောင်စီ၏ ခလရ ၄၇ တပ်ရင်း၏ ကာကင်းစခန်းနှစ်ခုဖြစ်သော ညောင်ပင်သာကာကင်းစခန်းနှင့် ဖန်းခါးကုန်း ကာကင်းစခန်းတို့ကို ယနေ့ ဒီဇင်ဘာ ၄ရက် နံနက် ၇နာရီခန့်တွင် KIA က သိမ်းယူလိုက်ကြောင်း သိရသည်။
ထို့အပြင် ဗန်းမော်တက္ကသိုလ်ဝန်းအတွင်းရှိ စစ်ကောင်စီအခြေချစခန်းကိုလည်း KIA က သိမ်းယူရရှိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိကြောင်း ကချင်သတင်းရင်းမြစ်ထံက သိရသည်။
“မြို့သိမ်းတိုက်ပွဲဖြစ်မယ်ထင်တယ်။ ဗန်းမော်၊ မံစီကြား လေးနေရာထက်မနည်းဘူး တိုက်ပွဲပြင်းထန် တယ်။ ကာကင်းစခန်းတွေရသွားပြီး လူနဲ့ လက်နက်တွေ KIA က သိမ်းယူဖမ်းမိသွားတယ် ကြားထား ပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
KIA သည် မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၅၂၃၊ ခလရ ၄၇တပ်ရင်း၊ ညောင်ပင်သာကာကင်းစခန်း၊ ဖန်းခါးကုန်း၊ နမ်ဖား၊ ဗန်းမော်တက္ကသိုလ်ဝင်း၊ မင်းလှ၊ သာစည် စသည့် စခန်းနှင့် တပ်ရင်းများကို ယနေ့ နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဗန်းမော်နှင့် မိုးမောက်ကြားကို ပြီးခဲ့သည့် ဩဂုတ်လမှစ၍ အောက်တိုဘာ လကုန်ပိုင်းအထိ တင့်ကားများနှင့်စစ်ကြောင်းထိုးနေပြီး တပ်ပြန်ဆုတ်နေရကာ ယခုအခါတွင် KIA က ဗန်းမော်နှင့် မိုးမောက်ရှိ တပ်များကို တစ်ပြိုင်နက် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။
KIAက သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါနှင့် ကန်ပိုက်တီမြို့တို့ကို သိမ်းယူထားပြီး နယ်ခြားစောင့်တပ်ရင်းဌာနချုပ် သုံးခုလုံးကိုပါ သိမ်းပိုက်ထား နိုင်ခဲ့သည်။
ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အပါအဝင် တပ်ရင်း ၊ တပ်စခန်း ၁၇ ခုကျန်ရှိနေကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ဗန်းမော် #မံစီ #စစ်ကောင်စီ #ကာကင်း #ဗန်းမော်တက္ကသိုလ် #KIA #သိမ်းပိုက် #Ayeyarwaddy_Times