ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်တွင် ခွင့်ပြုချက်မရှိဘဲ လယ်မြေများကို အကွက်ရိုက်ရောင်းစားနေသူ အိမ်ခြံမြေပွဲစား ဦးစိုးကြည်ဆိုသူကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ဦးစိုးကြည်သည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ငွေကြေးထောက်ပံ့ကာ ကျွေးမွေးနေပြီး ‌လယ်မြေများကို မိုက်ကြေးခွဲ၍ အကွက်ရိုက်ရောင်းစားနေသူဖြစ်ကြောင်း သိရသည်။

“ပျူစောထီးတွေ လူမိုက်တွေနဲ့ တရုန်းရုန်းလုပ်၊ ကျွေးမွေး ဘယ်သူမှဂရုမစိုက်ဘူးဆိုပြီး မြေအလွတ်တွေကို အကွက်ရိုက်ပြီး ရောင်းစားနေတာ။ အရင်အစိုးရလက်ထက်မှာ လျော်ကြေးငွေတွေ ပြန်ပေးဖို့လုပ်ထားတဲ့အကွက်တွေ”ဟု သန်လျင်မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်နှင့် ညှိနှိုင်းပေးမည်ဟုဆိုကာ ဖမ်းဆီးခံရသည့် NLD ရပ်ကျေးဒုဥက္ကဋ္ဌ မိသားစုထံမှ ငွေကျပ် သိန်း ၂၀ ရယူထားမှုနှင့် ယခုနောက်ဆုံးအကွက်ရိုက် ရောင်းချထားသည့် လယ်ယာမြေများထံမှ ရရှိသည့် ငွေကြေးတို့ကို စစ်တပ်ထံမပေးသည့်အတွက် စစ်ကြောင်းမှူးက ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဦးစိုးကြည်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖမ်းဆီးခံရသည့် ပျူစောထီးလူမိုက် ခေါင်းဆောင်ဦးအောင်တင်(ခ) အောင်ဒင်၏ ဆရာဖြစ်ကြောင်း သိရ သည်။

ပျူခေါင်းဆောင် အောင်ဒင်ကိုဖမ်းဆီးပြီးနောက် သန်လျင်စစ်ကြောင်းမှူးက အောင်ဒင်လိမ်လည် ရယူထားသည့် ငွေကြေးအမှုနှင့်ဆက်စပ်ပြီး စိုးကြည်ကိုပါဖမ်း ဆီးခြင်းဖြစ်ကြောင်း သိရသည်။

သန်လျင် မြို့ဟောင်းအရှေ့ရပ်ကွက်တွင် ဦးစိုးကြည်နှင့်အောင်ဒင်တို့လူတစ်စုသည် စစ်မှုထမ်းဥပဒေ အကြောင်းပြကာ လူငယ်များကို ခြိမ်းခြောက်ရိုက်နှက် ငွေကြေးတောင်းခံနေသည့်အပြင် စစ်တပ်ဖမ်း ဆီးခေါ်ဆောင်သွားသော နစ်နာသူ များ၏ မိသားစုများထံမှလည်း စစ်တပ်နှင့်ရင်းနှီးသည့်အတွက် ညှိ နှိုင်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံမှုများကို အစဉ်တစိုက်ပြုလုပ်နေသူများဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဦးစိုးကြည်ဆိုသူသည် လယ်ယာမြေများကို တရားမဝင် အကွက်ရိုက်ရောင်းချပြီးနောက် စစ်တပ်က မြေများပြန် လည်သိမ်းယူသည့်အချိန်တွင် တာဝန်ခံမှုမရှိဘဲ ၎င်း၏လူမိုက်များနှင့်အတူ ဓားများကိုင်ဆောင်၍ ခြိမ်းခြောက်ကာ ဒေသခံများကို ဒုက္ခပေးလျက်ရှိကြောင်း သိရသည်။

ပုံစာ-လယ်မြေများကို အကွက်ရိုက်ရောင်းစားနေသူ အိမ်ခြံမြေပွဲစား ဦးစိုးကြည်

#ရန်ကုန် #သန်လျင် #မြို့ဟောင်းအရှေ့မြေကွက် #အကွက်ရိုက်ရောင်းစား #စိုးကြည် #စစ်တပ်ဖမ်းဆီး #Ayeyarwaddy_Times