ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးနှင့် ထန်တလန်းကြားဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်ရင်းမှူး နှစ်ဦး အပါအဝင် ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်(ဟားခါး)တာဝန်ရှိသူထံက သိရှိရသည်။

ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား ထိန်းချုပ်နိုင်ရေးအတွက် ချင်းလဲန်းကောင်စီ (CC) က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် Jericho အမည်ရှိ စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ဆင်ရေးတွင် ဟားခါးမြို့အနီးရှိ စစ်ရေးအရအရေးပါသည့် Kiamtlang တပ်စခန်းအပါအဝင် စခန်း လေးခု သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်၏ ဒုဗိုလ်မှူးအဆင့် နှစ်ဦး၊ ရဲအရာရှိ လေးဦးအပါအဝင် ၃၀ခန့် သေဆုံးခဲ့သည်။

“ကျွန်တော်တို့ စစ်ဆင်ရေးက ဟားခါး-ထန်တလန်ကြား ထိန်းချုပ်ဖို့ပါ။ အဲ့ဒီလမ်းကြောင်းကို အသုံးပြုပြီး စစ်ကောင်စီတပ်က ဟားခါးကနေ ထန်တလန် တိုက်ပွဲကို စစ်ကူတွေပို့တယ်။ ကျွန်တော်တို့က စစ်ကူမပို့နိုင်ရေးအတွက် တားဆီးဖို့ဖြစ်ပါတယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါး နှင့် ထန်တလန်ကြား ပွိုင့် ၃ စခန်းကို နိုဝင်ဘာလ ၂၅ ရက်နေ့က သိမ်းပိုက်ရရှိထားပြီး Kiamtlang၊ သီမြစ်ချောင်စခန်း နှင့် Umpu Puaknak စခန်းတို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်။

ထိုစခန်းသိမ်းတိုက်ပွဲမှ MA -11 ၁၁ လက်၊ MA 1 ခြောက်လက်၊ MA 3 သုံးလက်၊ MA -4 နှစ်လက်၊ MA -12 နှစ်လက်၊ RPG နှစ်လက်၊ 60 MM နှစ်လက်၊ G 3 တစ်လက်၊ ကျည်ဆန်မျိုးစုံ၊ ကျည်အိမ်မျိုးစုံနှင့် မိုင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း လက်နက်ချအလင်းဝင်ပြီး ၁၉ ဦးထက်မနည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင့် သိရှိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲတွင်း ၎င်းတို့ တပ်စခန်းများ မကျစေရေးအတွက် လေကြောင်း တိုက်ခိုက်မှုနှင့် ဟားခါးဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

“စစ်ကောင်စီဘက်က အင်အားအများပြားနဲ့ မြေပြင်ကနေ ထိုးစစ်ဆင်မှုတွေရှိနေသေးတယ်။ လေကြောင်းကနေလည်း ပစ်ခတ်မှုတွေရှိနေသေးတော့ တိုက်ပွဲကပြင်းထန်နေတုန်းပါ။ အခုသိမ်းပိုက်ရရှိတဲ့စခန်းတွေက နှစ်ဖက်အတွက်အရေးပါးတဲ့ စခန်းတွေဖြစ်လို့ စစ်ကောင်စီကလည်း လွယ်လွယ်နဲ့လက်လွတ်မှာမဟုတ်ဘူး” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဟားခါး – ထန်တလန်ကြားတွင် CC နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသလို ထန်တလန်မြို့တွင်လည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

ဟားခါးမြို့တွင် စစ်ကောင်စီတပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ရဟတ်ယာဥ်ဖြင့် တပ်အင်အား ၂၀၀ ခန့်ကို လာရောက်ချပေးခဲ့ကြောင်း သိရသည်။

#ဟားခါး #ထန်တလန်း #စစ်ကောင်စီ #တပ်ရင်းမှူး၂ဦး #အပါအဝင် #၃၀ခန့်သေဆုံး #Ayeyarwaddy_Times