
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ရက်
တပ်ရင်းတပ်စခန်း ၁၈ ခုကျော်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့ကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်ထားနိုင်ပြီဖြစ် ကြောင်း ဒေသတွင်း သတင်းများ၏ ဖော်ပြချက်အရ သိရသည်။
AAသည် မြို့တွင်းရှိ တပ်စခန်းများကို သိမ်းယူပြီးနောက် နောက်ဆုံးကျန်နေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)ကို ယခုဒီဇင်ဘာ ပထမပတ်အတွင်းတွင် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“မြို့တွင်းက တပ်တွေကအကုန် နပခ ထဲပူးပေါင်းသွားပြီ။ ဒရုန်းတွေနဲ့ အင်အားရာကျော် တပ်ချထားတဲ့ အထက ကျောင်းလည်း အသိမ်းခံလိုက်ရပြီးပြီ။ နပခ ကွက်ကွက်လေးပဲ ကျန်တော့တယ်။ လေကြောင်းက ပေါင် ၅၀၀ တောင်မကဘူး။ ပေါင် ၁၀၀၀ လောက်ဗုံးတွေပါကြဲနေတာ” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)၏ ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ထို့အပြင် အမ်းမြို့တွင်းရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းနှင့် ယာယီတပ်ဆေးရုံလုပ်၍ အခိုင်အမာတပ်စွဲ လုံခြုံရေးယူထားသည့် အထက ၂ ကျောင်းတို့ကိုလည်း AA က သိမ်းယူခဲ့သည်။
နပခ၏ ဘေးပတ်လည်တပ်ရင်းများကျကုန်၍ အရံကာကင်းလုပ်ထားသည့် အမ်းမြို့ မြို့သစ်စစ်ဘေးရှောင်စခန်း၊ ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း၊ လေယာဉ်ကွင်း (မြို့ဟောင်း) တို့ကိုပါ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် AA က သိမ်းယူခဲ့သည်။
စစ်ကောင်စီသည် တပ်ရင်း တပ်စခန်းများအသိမ်းခံ ရပြီးနောက် စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်ကျန်တပ်ရင်းများပေါင်း၍ နပခ အတွင်း စုပေါင်း ခံစစ်ပြင်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
လက်နက်နှင့် ခဲယမ်းရိက္ခာများကိုလည်းလေ ကြောင်းမှ လေထီးဖြင့်ချပေးနေရပြီး နပခအတွင်းမကျဘဲ အပြင်ဘက်သို့ ကျသည့် အထုတ်များကိုပင် ထွက်မကောက်ရဲဘဲ AA သိမ်း ယူခြင်း ခံနေရကြောင်း သိရသည်။
စစ်ကူကိုလည်း တပ်မ(၈၈) လက်အောက်ခံ ခမရ ၄၁၆ စလေနှင့် ခလရ ၇၇ ရေနံချောင်းတို့မှ စစ်ကူအင်အား ၁၀၀၀ ဝန်းကျင်ကို အမ်း- ပဒါန်းလမ်း ကြောင်းမှပို့နေရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် AA တို့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အမ်း နပခ အတွင်းကို အင်အား ၁၀၀ ခန့်သာ ရောက်ရှိကြောင်း သိရသည်။
#အမ်း #AA #သိမ်းယူ #စစ်ကောင်စီ #နပခ #ဆက်လက်တိုက်ခိုက် #Ayeyarwaddy_Times