ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်

ရခိုင်ပြည်နယ်ဘက်မှ စစ်ဘေးရှောင်ပြည် သူများသည် နို၀င်ဘာလမှစတင်ပြီး ဧရာဝတီတိုင်းအတွင်းသို့ ပိုမို၀င်ရောက်လာခဲ့ရာ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် အမျိုးသားလူငယ်နှင့်လူလတ်ပိုင်းများကို တင်းကျပ်စွာစစ်ဆေးပြီး အချို့ကို ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များ ဧရာ၀တီတိုင်းဘက်သို့ တိမ်းရှောင်လာကြစဉ် ငါးသိုင်းချောင်းမြို့ရှိ ရေနံသာစစ်ဆေးရေးဂိတ်အပါအ၀င် ကမ်းခြေဒေသများရှိစစ်ဆေးရေးဂိတ်များတွင် လူငယ်အမျိုးသားများကို အဓိထားစစ်ဆေးနေခြင်းဖြစ်ပြီး မှတ်ပုံတင်မပါသူသူများကိုလည်း ဝင်ခွင်မပြုပဲ စစ်ဆေးရန်ဟုဆိုကာ ရဲစခန်းသို့ပို့ဆောင်မှုများ ပြုလုပ်နေသည်ဟု စစ်ရှောင်များထံက သိရသည်။

“သူတို့မသင်္ကာရင် AAနဲ့ PDF တွေဆိုပြီးစခန်းခေါ်ပြီးစစ်ဆေးတာ နို၀င်ဘာလအတွင်းအဖမ်းခံရတာ ၁၅ ဦးလောက်ရှိနေပြီ “ဟု စစ်ဆေးခံရသည့် လူငယ်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ဧရာ၀တီတိုင်းနှင့်ထိစပ်နေသော ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် AA နှင့် စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေသဖြင့် စစ်ဘေးရှောင်ပြည်သူများက ပုသိမ်၊ရေကြည်၊ ငါးသိုင်းချောင်း၊ရွှေသောင်ယံ၊ သာပေါင်းမြို့များသို့ တိမ်းရှောင်လာခဲ့သဖြင့် ဘုန်းကြီးကျောင်းများမှ အလှူခံကာကျွေးမွေးနေရကြောင်း သိရှိရသည်။

စစ်ဘေးရှောင်များရောက်ရှိနေသည့် ဧရာ၀တီတိုင်းအတွင်းရှိ မြို့များတွင်လည်း စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ဖမ်းဆီးငွေညှစ်ခြင်း၊ ဧည့်စာရင်းစစ်ကာငွေတောင်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ- ငါးသိုင်းချောင်းမြို့ ဘုန်းကြီးကျောင်းတွင် တွေ့ရသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများ

#ဧရာဝတီတိုင်း #ရခိုင်စစ်ဘေးရှောင် #အမျိုးသားများ #စစ်ကောင်စီ #စစ်ဆေးဖမ်းဆီးမှုများပြုလုပ် #Ayeyarwaddy_Times