
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားကို အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ လွတ်လပ်စွာ နေခွင့်ပြုထားသော်လည်း ဖမ်းဆီးမှုများကမူ ဆက်လက်ရှိ နေကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံသား အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်များ၊ တရားဝင်အထောက်အထားများ ကိုင်ဆောင် ထားသည်ဖြစ်စေ၊ အထောက်အထားသက်တမ်းကုန်ဆုံးသွား၍ဖြစ်စေ၊ အထောက်အထားမရှိ၍ဖြစ်စေ ရွှေ့ပြောင်းအလုပ်သမားများကို လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“အဓိကကတော့ ခွင့်ပြုမထားတဲ့လုပ်ငန်း တွေကိုလိုက်ဖမ်းတာပေါ့။ အဓိကကတော့ ထိုင်းနိုင်ငံလာရင် ထိုင်းနိုင်ငံမှာနေရင် ထိုင်းဥပဒေကိုလေးစားလိုက်နာရမှာပေါ့။ စာထုတ်ထားလဲ အဖမ်းသွားခံရ တယ်ဆိုပြီး ကိုရဲမင်းတို့ဆီကို အကူညီလာတောင်းတာရှိတယ်။ သတင်းပို့တာတွေလည်း တော်တော် များတယ်။ အဲ့ဒီတော့စာထုတ်တာက စာထုတ်တာသက်သက်ပဲ။ သူကသတင်း အနေနဲ့ထုတ်တာ။ စာထုတ်တာကထုတ်တာတစ်ဖွဲ့။ ဖမ်းတာက ဖမ်းတာတစ်ဖွဲ့ပဲ။ စာကြီးထုတ်ထားတာပဲဆိုပြီး လွတ်လွတ် လပ်လပ်နေလို့မရဘူး။ အထောက်အထားမရှိတဲ့သူကိုတော့ ဖမ်းမှာပဲ” ဟု M.H.A.C မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ နေထိုင်ခွင့်ပြုရာတွင် အလုပ်သမားအနေဖြင့် အသက် ၁၈ နှစ် အထက်ရှိရမည်ဖြစ်ပြီး အလုပ်ရှင်မှလည်း မိမိအလုပ်သမား၏ အမည်၊ နေရပ်လိပ်စာ၊ အသက်၊ နိုင်ငံ၊ ကျား၊မ၊ ဖုန်းနံပါတ် နှင့် အခြားသက်သေ အထောက်အထားများကိုလည်း သက်ဆိုင်ရင်ဌာနများသို့တင်ပြထားရမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရ၏ ယခုထုတ်ပြန်ချက်သည် အထောက်အထားမရှိသူများကို လွတ်လပ်စွာ နေထိုင်ခွင့် ပြုထားသည်ဟု ဆိုသော်လည်း နေထိုင်ခွင့်ရသူများမှာ လက်ရှိလုပ်ငန်းခွင်ဝင်ကာ အလုပ်လုပ် နေသူများသာအကျုံးဝင်နေကြောင်းသိရသည်။
အထောက်ထားမဲ့ ဝင်ရောက်လာသူများ၊ အခြားအထောက်ထားမဲ့ နေထိုင်သူများ ပါဝင်ခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံသားများအနေဖြင့် သတိဖြင့်နေထိုင်ကြရန်လည်း အလုပ်သမားရေး လှုပ်ရှား ဆောင်ရွက် နေသူများက ထောက်ပြ ပြောဆိုထားကြသည်။
“ကိုယ်ကခွင့်ပြုထားတဲ့အလုပ်မှာမပါပဲ ဆံပင်ညှပ်ဆိုင်ဖွင့်တာတို့ ဈေးဆိုင်ဖွင့်တာတို့ဆိုရင် ဝင်ဖမ်းမှာပဲ။ အဲ့လိုဆိုနေ့စဉ်ဖမ်းနေတာပဲ။ မဟာချိုင်လိုမျိုး မြန်မာလုပ်သားအများဆုံးရှိတဲ့ခရိုင်ဆိုရင် အထောက် အထားအားလုံးရှိတာတောင် ဖမ်းခေါ်သွားပြီး ငွေညှစ်ခံရတယ်။ နောက်ဆုံး အကုန်ပြည့်စုံတယ် ဆိုရင်တောင် ဖုန်းဖွင့်ကြည့်ပြီး လူမှုကွန်ရက်မှာတက်လာတဲ့ လောင်းကစား ကြော်ငြာတွေကိုကြည့်ပြီး လောင်းကစားအမှုနဲ့ ငွေတောင်းတာရှိတယ်။ ဆိုလိုတာက အဲ့ဒီလိုတောင်ဖမ်းတယ်။ အထောက် အထားမရှိတဲ့သူဆို ပြောမနေနဲ့ တော့” ဟု ကိုရဲမင်းက ဆက်လက် ပြောကြားသည်။
ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ တစ်လတာလွတ်လပ်စွာ နေထိုင်ခွင့်ပြုထားသော်လည်း အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီးခံနေရသူများဆက်လက်ရှိနေပြီး ယခင်အမိန့်ထုတ်ပြန်ခြင်းမပြုမီ အခြေ အနေများနှင့် ကွာခြားခြင်းမရှိကြောင်းကို ထိုင်းရှိ မြန်မာအလုပ်သမားအများစုက လူမှုကွန်ရက် စာမျက်နှာများတွင် မှတ်ချက်ပြု ပြောဆိုထားသည်။
ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့ ည ကလည်း ကန်ချနနာဘူရီခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅၀ ဦးကို ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ထိုင်း #လွတ်လပ်စွာနေထိုင်ခွင့် #ရွှေ့ပြောင်းအလုပ်သမား #ထိုင်းအစိုးရ #Ayeyarwaddy_Times