
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ရက်
လက်နက်ကြီးများနှင့်အတူ ဂွမြို့နယ်တွင်းကျေးရွာများတွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်သည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကြောင့် တစ်ရွာပြီးတစ်ရွာ တပ်ဆုတ်ပေးနေရသည်မှာ ဂွမြို့အနီးထိကပ်လာပြီဖြစ်ကြောင်း သိရသည်။
ယခု ဒီဇင်ဘာလအတွင်းတွင် ဂွမြို့ရှိ စစ်ကောင်စီ၏ ခမရ ၅၆၃တပ်ရင်းအတွင်းကို စစ်ကောင်စီက တင့်ကား ခြောက်စီးအပါအဝင် စစ်ကားကြီး ရှစ်စီးဖြင့် အင်အား ရာချီပို့ဆောင်ပြီး မဆုတ်တမ်းခံစစ်ပြင် ဆင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
“ငသိုင်းချောင်း လမ်းကနေ တပ်တွေသွင်းလာတာ အင်အား ၅၀၀ နီးပါးရှိမယ်လို့ခန့်မှန်းလို့ရတယ်။ ရေတပ်ကိုလည်း ဟိုင်းကြီးကျွန်းကတပ်တွေနဲ့ပါ ဖြည့်ကူထားတယ်။ ဂွမြို့စစ်ဆေးရေးဂိတ် တွေမှာလည်း လုံခြုံရေးတိုးချထားတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဂွမြို့တိုက်ပွဲများတွင်စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူ လာသည့် သင်တန်းသားသစ်များကို ဧရာဝတီတိုင်းအတွင်းမှ ခေါ်ယူ စစ်တိုက်ခိုင်းနေပြီး ထွက်ပြေးပါက ပစ်ခတ်ဖမ်းဆီးရန်ပါ ညွှန်ကြားထားကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၃ရက်မနက်ပိုင်းတွင် ကိုင်းတောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို AAက ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့သည့် ဇီးကုန်းနှင့် တင်းတောကျေးရွာများကို AAက သိမ်းယူ လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဂွမြို့မြောက်ဘက်ရှိ ညောင်ချောင်း၊ လောင်းကျိုး စသည့်ကျေးရွာများကိုပါ AAကသိမ်းယူပြီး ဂွမြို့အနီးထိ ချဉ်းကပ်လာရာ စစ်ကောင်စီက လက်ရှိတွင် လက်နက်ကြီး စခန်းကို ရဟိုင်းကူးတို့ရွာတွင် အခြေချထားကြောင်း သိရသည်။
တိုက်ပွဲမှာ ဂွနှင့် နီးကပ်လာ၍ စစ်ကောင်စီက ရဟိုင်းဖျား၊ မြွေတွေ့၊ ကွင်းလျှားရှည်၊ ကျောင်းကုန်းနှင့် ရဟိုင်းကွင်းရွာများမှ ဒေသခံများကို ကျေးရွာများမှ မောင်းထုတ်ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။
#ဂွ #စစ်ကောင်စီ #မဆုတ်တမ်းခံစစ် #ပြင်ဆင် #Ayeyarwaddy_Times