နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

စစ်ခေါင်းဆောင် ​ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တောင်ကြီးမြို့အထိ သွားရောက်တွေ့ဆုံခဲ့သည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်းကာရာအော်လ် (H.E. Mr.Sholban Kara-Ool) သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ ဒီဇင်ဘာ ၁ ရက်တွင် ရောက်ရှိလာပြီး ကြံ့ခိုင်ရေးပါတီနှင့် စစ်ကောင်စီ တာဝန်ရှိသူများက ကြိုဆိုခဲ့သည်ဟု ၎င်းတို့ဝါဒဖြန့် သတင်းစာအရ သိရှိရသော်လည်း ၎င်း၏ ခရီးစဉ်နှင့် ပတ်သက်၍ တိကျစွာ ဖော်ပြထားခြင်း မရှိပေ။

ထိုသို့ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့အပါအဝင် စသည်တို့က ကြိုဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် သီတဂူကျောင်းတိုက်နှင့် ရွှေတိဂုံ စေတီတော်တို့ကို သွားရောက်ဖူးမြော်ခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိကာ စစ်ခေါင်းဆောင် တည်ထားသည့် မာရဝိဇယဘုရားအပါအဝင် အမျိုးသားပြတိုက်နှင့် ကျောက်မျက်ရတနာ ပြတိုက်တို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယခုအကြိမ် ထပ်မံလာရောက်သည့် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်းကာရာအော်လ်သည် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း ရှိ/မရှိကို သိရှိရခြင်းမရှိသော်လည်း စစ်ကောင်စီက ပြုလုပ်လိုသော ရွေးကောက်ပွဲနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်ကို ဆွေးနွေးနိုင်ကြောင်း စစ်လော်ဘီများ၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အလီလီပြောဆို၍ ကြိုးပမ်းနေပြီး ၎င်းတို့အား စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းကူညီနေသည့် တရုတ်၊ ရုရှားနှင့် နိုင်ငံအချို့ထံ တွေ့ဆုံဆွေးနွေး၍ စဉ်ဆက်မပြတ် အကူအညီရရှိရေး တောင်းခံလျက်ရှိကြောင်း သိရသည်။

ယင်းမတိုင်ခင် ၂၀၂၃ မေ ၃၀ ရက်ကလည်း ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌသည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်ကို သွားရောက်တွေ့ဆုံကာ နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာ စသည်တို့ကို ဆွေးနွေးခဲ့သလို ဒုစစ်ခေါင်းဆောင်၊ ထိုစဉ်က စစ်ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်ခေါင်းဆောင်၊ ၎င်းတို့ လက်အောက်ခံ UEC ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံစဉ် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲအား ရုရှားနိုင်ငံမှ ကူညီပေးမည့် အခြေအနေများကို ဆွေးနွေးခဲ့သလို ကြံ့ခိုင်ရေးပါတီနှင့်လည်း ရုရှားနိုင်ငံမှ တာဝန်ရှိသူများ တွေ့ဆုံမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ(၁)-ဒီဇင်ဘာ ၁ ရက်နေ့က ရန်ကုန်မြို့သို့ရောက်ရှိလာသည့် ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌနှင့်အဖွဲ့
ပုံစာ(၂)-ပထမအကြိမ် ရောက်ရှိစဉ်က စစ်ခေါင်းကို တောင်ကြီးမြို့ရှိ ပင်လုံရိပ်သာ ဧည့်ခန်းမဆောင်တွင် သွားရောက်တွေ့ဆုံသည့် ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌ
#စစ်ခေါင်းဆောင် #တောင်ကြီးမြို့ #လိုက်လံတွေ့ဆုံ #ရုရှားနိုင်ငံ #ဒူးမားလွတ်တော်ဒုဥက္ကဋ္ဌ #ထပ်မံလာရောက် #Ayeyarwaddy_Times