ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

ယခု ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်က လက်လွှတ်ဆုတ်ခွာခဲ့ရသည့် စခန်းကြီး၊ စခန်းငယ် ၁၃၅ ခု ရှိကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်သည် ယခုနှစ်အစ ဇန်နဝါရီမှစတင်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ အထိ နိုင်ငံတဝန်းရှိ စစ်ကောင်စီဆုတ်ခွာသွားရသည့် တပ်စခန်းများ စာရင်းဖြစ်ကြောင်း ပကဖထံက သိရ သည်။

“ရန်သူဟာ ထိုးစစ်အခြေအနေကနေ ခံစစ်အခြေအနေကို ရောက်သွားရုံသာမက နယ်မြေလက်လွှတ် ရမှုများ ပြားလာတာကို စခန်းဆုတ်ခွာမှု စာရင်းကပြပါတယ်” ဟု စစ်ကိုင်းတိုင်းပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ)က ဆိုသည်။

နိုင်ငံတဝန်းရှိ စစ်ကောင်စီ၏ တပ်စခန်းဆုတ်ခွာလက်လွှတ်ရမှု ကချင်ပြည်နယ် ၂၉ ခု ၊ ကရင်ပြည်နယ် ၂၁ ခု၊ မကွေးတိုင်း ၁၆ ခု ၊ ရခိုင်ပြည်နယ် ၁၃ ခု ၊ စစ်ကိုင်းတိုင်း ၁၂ ခု ၊ ရှမ်းပြည်နယ် ၁၁ ခု ၊ မန္တလေးတိုင်း ၁၀ ခု၊ တနင်္သာရီတိုင်း ၇ ခု၊ ပဲခူးတိုင်း ၇ခု ၊ ကရင်နီ(ကယား)ပြည်နယ် ၆ ခု၊ ချင်းပြည်နယ် ၂ ခု ၊ နေပြည်တော် ၁ ခု စုစုပေါင်း ၁၃၅ ခုရှိကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖနှင့် တော်လှန်ရေးအဖွဲ့ အသီးသီးက ညီညီညွတ်ညွတ်နှင့် တိုက်ခိုက်နေမှုကြောင့် ယခုကဲ့သို့ကြီးမားသည့် စစ်ရေးအောင်ပွဲ ရရှိလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ပကဖ အဖွဲ့တွေအနေနဲ့လည်း ပြည်သူ့စစ်မဟာဗျူဟာကို စနစ်တကျ ကျင့်သုံးကာ ရန်သူကို လမ်းကြောင်းပိတ်ဆို့ခြင်း၊ နှောင့်ယှက်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်း၊ ချေမှုန်းရေး တိုက်ပွဲ ဆင်နွှဲခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာမှုကြောင့် ရန်သူ့စခန်း ဆုတ်ခွာရမှုများ ပိုမိုများပြားလာတာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆိုသည်။

ယခုရရှိထားသည့် စာရင်းများအရ ရန်သူ့စခန်း ဆုတ် ခွာမှု အများဆုံး နယ်မြေများသည် ကချင်ပြည်နယ် ၂၉ ခု၊ ကရင် ပြည်နယ် ၂၁ ခုနှင့် မကွေးတိုင်းမှ ၁၆ ခု တို့ရှိသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စစ်အခြေခံစခန်းများ၊ တပ်မ၊ တပ်ရင်း စခန်းများ၊ လေတပ်စခန်းနှင့်လက် နက်စက်ရုံများ၏ ဆက်သွယ်ရေးလမ်းကြောင်း အသီးသီးကိုလည်း ပကဖအဖွဲ့များက ပုံမှန် တိုက်ခိုက်နေပြီး ရှေ့တန်းနယ်မြေဟုခေါ်ဆိုနိုင်သည့် တောင်တန်းဒေသနှင့် အထက်အညာဒေသများ တွင်လည်း စစ်အုပ်စု ချီတက်သွားလာရေးကို ကြီးမားစွာ နှောင့်ယှက်ဟန့်တားထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြေပြင်တွင် လက်တွေ့ရန်သူ့စခန်းဆုတ်ခွာမှု စာရင်းသည်လက်ရှိ စာရင်းထက် ပိုမိုများပြားနိုင် ကြောင်းလည်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်(ပကဖ)က ဆိုသည်။

#နိုင်ငံတဝန်း #စစ်ကောင်စီ #တပ်စခန်း #ကြီး/ငယ် #လက်လွှတ် #ဆုတ်ခွာရမှု #၁၃၅ ခု #စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ #ပကဖ #Ayeyarwaddy_Times