နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်အတူ မတရားဖမ်းဆီး သတ်ဖြတ်နေပြီး သတင်းအမှောင် ချထားသော စစ်ခေါင်းဆောင်က တိုင်ပြည်တည်ငြိမ် အေးချမ်းဖွံ့ဖြိုးမှု အရှိန်အဟုန်ကို သတင်း အတုများ၊ အမုန်းစကားများက ဟန့်တားဖျက်ဆီးနေကြောင်း နေပြည်တော် ဆုပေးပွဲတွင် ပြောဆို ခဲ့သည်။

ထို့အပြင် တိုင်းရင်းသားညီညွတ်မှုကိုလည်း ပျက်စီးစေနိုင်ပြီး ငြိမ်းချမ်းရေး ပန်းတိုင်အား အနှောင့် အယှက်ဖြစ်စေကာ အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် စွမ်းရည်ပြည့်စုံ ထက်မြက်သော လူ့စွမ်းအား အရင်းအမြစ်များ ရှိရန်လိုသည်ဟု ၎င်းက ဆက်လက်ပြောသည်။

နေပြည်တော်၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်က ပြုလုပ်သော (၇၅) ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆု ပေးအပ်ပွဲတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာအရ သိရသည်။

စစ်ခေါင်းဆောင်က ထိုသိုဆိုထားသော်လည်း လက်တွေ့တွင်မူ အာဏာသိမ်းမှုနှင့်အတူ သတင်းအမှောင် ချထားပြီး သတင်းမီဒီယာ၊ စာရေးဆရာများအပါအဝင် ဝေဖန်ထောက်ပြသူများကို ဖမ်းဆီး သတ်ဖြတ်ကာ စစ်ရှုံးလာသည်နှင့်အမျှ မဟုတ်မမှန် ဝါဒဖြန့်ဝေမှုများကို ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

“အာဏာသိမ်းပြီး နောက်မှာတော့ တပ်နယ်အလိုက်က ဆန္ဒပြပွဲ မရှိတဲ့နေရာသွား၊ နည်းနည်းလူစည်တဲ့ နေရာနဲ့ စျေးတွေကို ဓာတ်ပုံရိုက် မဟုတ်မမှန် ပြန်ဖြန့်တယ်။ ပုံစံအမျိုးမျိုးနဲ့ ပြည်သူတွေ ဝေဝါးအောင် လုပ်လာတယ်” ဟု ဆက်သွယ်ရေးတပ်မှ CDM ဗိုလ်ကြီးဘုဏ်းသိုက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုအတွက် စစ်ကောင်စီက ကက(ပြည်)ဟု လူသိများသော လက်အောက်ခံ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကို အဓိကတာဝန် ပေးထား၍ မဟုတ်မမှန် သတင်းအတု များဖြင့် ပြည်သူဝေဝါးအောင် လုပ်ဆောင်နေကြောင်း CDM အရာရှိများထံက သိရသည်။

ယင်းကက(ပြည်)၏ လက်ရှိညွှန်ကြားရေးမှူးမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ထံသို့ အစီရင်ခံရကာ အမှတ်(၁) တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်အပါအဝင် စသည်တို့က ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဗဟိုပြည်သူ့ဆက်ဆံရေးတပ်၊ နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများ၊ တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်းများ၊ ပညာရေးကျောင်းများ၊ ကွန်ပျူတာဌာန၊ ချန်နယ်များနှင့် စစ်လော်ဘီ တို့ကလည်း အာဏာသိမ်းပြီးနောက် စဉ်ဆက်မပြတ် လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#အာဏာသိမ်း #သတင်းအမှောင်ချ #စစ်ခေါင်းဆောင် #တည်ငြိမ်အေးချမ်းမှု #သတင်းအတုများ #ဖျက်ဆီး #Ayeyarwaddy_Times