ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်

ယခုရက်ပိုင်းလာမည့် တစ်ရက်မှသုံးရက်အတွင်း ဧရာဝတီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)ထံက သိရသည်။

လာမည့် တစ်ရက်မှ သုံးရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း၊ ဖျာပုံမြစ်ဝရေပြင်တွင် ရုတ်တရက်လှိုင်း ပြင်းထန် မှုကြောင့် ငါးဖမ်းစက်လှေတစ်စင်း ရေဝင်နစ်မြုပ်ပြီး သောင်တင်ခဲ့သည်။

ဖျာပုံမြို့မှရန်ကုန်သို့ထွက်ခွာလာသော ငါးဖမ်းစက်လှေသည် ပြီးခဲ့သည့်နိုဝင်ဘာ ၂၉ ရက်နေ့က ရေပြင်အတွင်း ရုတ်တရက် လှိုင်းလေပြင်းထန်မှုကြောင့် လှေဝမ်းဗိုက်အတွင်းရေဝင်ရောက်သဖြင့် လှေသား ၁၉ ဦးရေနစ်မြုပ်ခဲ့ပြီး စစ်ကောင်စီရေတပ်က ကယ်ဆယ်ပေးခဲ့ကြောင်းသိရသည်။

လက်ရှိဒီဇင်ဘာ ၁၀ ရက် တစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ယခုနှစ်တွင် မုတ်သုံဆုတ်ခွာသွားသော်လည်း မိုးရွာသွန်းခြင်း၊ ရာသီဥတု ဆိုးရွာခြင်းတို့ဖြစ်ပွားလေ့ရှိကြောင်း မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဟိုင်းကြီးကျွန်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ကျားဖောင် ၃ ဖောင်မှ ရေလုပ်သား ၁၂ ဦး မျောပါလျက်ရှိသဖြင့် စစ်ကောင်စီရေတပ်က ကူညီကယ်ဆယ်ခဲ့ကြောင်း စစ်ကောင်စီအာဘော် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#တိုင်းနှင့်ပြည်နယ်အချို့ #မိုးထစ်ချုန်းရွာမည် #ရာသီဥတုဆိုးရွား #ပင်လယ်ပြင် #Ayeyarwaddy_Times