
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ရက်
မောင်တောမြို့ပြင်တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်စခန်း (နခခ-၅) ၊ မြို့သူကြီးတွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့ အနီးကပ်တိုက်ပွဲပြင်းထန် နေကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်ကူပစ်ခတ်ရန်နှင့် လက်နက်၊ခဲယမ်း၊ ရိက္ခာပို့ရန် မြေပြင်လမ်းကြောင်း ပိတ်ဆို့ ခံထားရသည့် လေကြောင်းကို အသုံးပြု တိုက်ခိုက်နေရကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ရက်နေ့ ညပိုင်းနှင့် ယမန်နေ့ ဒီဇင်ဘာ ၂ရက် မနက် အစောပိုင်းအထိ နခခ-၅ အတွင်းသို့ လေထီးများဖြင့် လက်နက်ရိက္ခာထုတ်များ ချပေးခဲ့ကြောင်း သိရသည်။
“အထုတ်တွေကို လေထီးတွေနဲ့ ညပိုင်းမှာလာချတယ်။ လေယာဉ်နှစ်စင်းနဲ့ လာချပေးတာ။ အထုတ်တွေ တော်တော်များတယ် မီးသီးတွေတပ်ထားတော့ မြင်နေရတယ်” ဟု မောင်တော ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ လက်နက်၊ခဲယမ်းအထုတ်များ နခခ ၅ အတွင်းမချပေးခင် စခန်းအနီးဝန်းကျင်နှင့် မောင်တောမြို့ ပေါ်ကို ဗုံးကြဲတိုက်ခိုက်သည့်အတွက် နေအိမ်များပျက်စီးသွားပြီး ဒေသခံများသည် ဗုံးခိုကျင်းများ အတွင်း ညလုံးပေါက်ပုန်းရှောင်နေခဲ့ရကြောင်း သိရသည်။
AA သည် နခခ ၅ မြို့သူကြီး မှလွဲ၍ မောင်တောမြို့ တစ်မြို့လုံးကို ထိန်းချုပ်ထားပြီး ယခုနောက်ဆုံး ကျန်နေသည့် နခခ ၅ ကို အပြင်းအထန်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
စစ်ကောင်စီကလည်း နခခ ၅ မကျစေရန်အတွက် လေကြောင်း ပစ်ကူအပြင် နတ်မြစ်အတွင်းမှ စစ်သင်္ဘောများ အခြေချ၍ လက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ကူနေကြောင်း သိရသည်။
စစ်ကောင်စီသည် နခခ၅ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အသေခံ၍ ပြန်လည်တိုက်ခိုက်ကြရန် ညွှန်ကြားထားပြီး လေကြောင်းမှ လက်နက်၊ ခဲယမ်းများကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် လာရောက် ပို့ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့တို့တွင်ပါ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မာန်အောင်နှင့်ကျောက်ဖြူတို့တွင်ပါ စစ်ရေးပြင်ဆင် လျက်ရှိသည်။
#မောင်တော #နခခ၅ #စစ်ကောင်စီ #လေကြောင်းအသုံးပြု #တိုက်ခိုက် #Ayeyarwaddy_Times