မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဩဂုတ်လ ၁၈ ရက်

ဧရာဝတီတိုင်းမှာ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပြီး လေပြင်းတိုက်ခတ်တာတွေဖြစ်လာနိုင်သလို ကမ်းရိုးတန်း တလျှောက် လှိုင်အမြင့်ပေ ၉ ပေကနေ ၁၃ ပေထိရှိလာနိုင်တယ်လို့ ဩဂုတ်လ ၁၈ ရက်နေ့က မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနားမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာမှာ ဖြစ်တာကြောင့် ၁ နာရီကို မိုင် ၄၀ နှုန်း ရေပြင်နဲ့ မြေပြင်မှာ လေပြင်းတိုက်ခတ်တာတွေရှိလာနိုင်သလို မြန်မာ့ ကမ်းရိုးတန်းတလျှောက် ကမ်းလွန်ပင်လယ်ပြင်မှဦ ၉ ပေကနေ ၁၃ ပေခန့်ရှိတဲ့ လှိုင်းအမြင့်ပေတွေရှိလာနိုင် တယ်လို့ သတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ မိုးကတော့ ဆက်တိုက်ရွာနေတာ ၃ ရက်လောက်ရှိပြီ တချို့အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေဝင်နေပြီ ပိုဆိုးလာလည်း ဘာမှမတက်နိုင်ဘူးလေ အိမ်မြင့်တဲ့နေရာတွေ ဘုန်းကြီးကျောင်းတွေသွားနေရမှာပဲ လက်ရှိ ကြုံနေရတဲ့ နိုင်ငံရေးစီးပွားရေးအခြေအနေတွေထက်တော့ ပိုဆိုးမလာနိုင်ဘူးလို့ ထင်တယ်” လို့ ပုသိမ်မြို့ခံ ပြည်သူတဦးက ပြောပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ရန်ကုန်အပါဝင် မြန်မာနိုင်ငံတွင်းက မြို့ကြီးတော်တော် များများမှာ ရေကြီးနစ်မြုပ်တာတွေဖြစ်ပေါ်ခဲ့သလို ကားလမ်းတွေလမ်း ရေကျော်လို့ ပိတ်ထားရတာတွေဖြစ်‌ ပေါ်ခဲ့ပါတယ်။

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနားမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သလို အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်အဖြစ်ကိုရောက်ရှိလာနိုင်ပြီး ၃၆ နာရီ အတွင်းမှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်လာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်း ပြောဆိုထားပါတယ်။