ကိုကိုလေး/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို သြဂုတ်လ ၁၃ ရက်က စစ်ကြောင်းထိုးဝင်ရောက်ပြီးရဟတ်ယာဥ်တွေနဲ့ပစ်ခတ်ခဲ့တဲ့အပြင် ရွာအတွင်း ဝင်ရောက်ကာ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရင်ပေါင်တိုင်ရွာအတွင်း ၃ ရက်ကြာတပ်စွဲခဲ့ပြီး သြဂုတ်လ ၁၆ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားပြီးတဲ့နောက် သတ်ဖြတ်ခံထားရတဲ့ ဒေသခံရုပ်အလောင်း ၂၂ လောင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

” အဲ့နေ့က ရဟတ်ယာဥ် ၆ စီးနဲ့ပတ်ပတ်လည်ကပစ်တာ။ မဲမဲမြင်အကုန်ပစ်တာ၊ ပြီးတော့ရွာထဲဝင်လာပြီးတွေ့သမျှသတ်တာ လူရော၊ တိရစ္ဆာန်ရော။နေအိမ်တွေလည်း မီးရှို့တာတွေရောပေါ့။ ပြန်ထွက်သွားပြီး ခုကျနော်တို့ ပြန်တွေ့တာ လတ်တလောက ၂၂ လောင်းပေါ့။ သေတာကတော့အဲ့လောက်မကဘူး၊ ရှာနေတုန်းဘဲ” လို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရဟတ်ယာဥ်တွေနဲ့ တွေ့သမျှပစ်ခတ်ခဲ့လို့ ဘုန်းတော်ကြီးကျောင်းနဲ့ စေတီဘုရားပုထိုးတွေလည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲက ၄ ရက်ဝန်းကျင်လောက်ဖြစ်တယ်၊ စစ်တပ်က အင်းအားအလုံးအရင်းနဲ့ လာတိုက်တယ်။ ဒါပေမယ့် သူတို့က မနိုင်ရင် နေအိမ်တွေကို မီးရှို့ခဲ့ကြတော့တာပဲ။ လူတွေ့ရင်လဲ လူသတ်ခဲ့တယ် နေအိမ်တွေလဲကုန်သလောက်ရှိနေပြီ။ စစ်တပ်က ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေလည်းမရှောင်ဘူး လေယာဥ်နဲ့ပစ်တာ။ ဒေသခံပြည်သူနဲ့ PDF တွေလဲ ကျဆုံးမှုရှိတယ်တော့ သိထားရတယ်” လို့ ရင်ပေါင်တိုင်ကျေးရွာက ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရင်ပေါင်တိုင်ကျေးရွာ ဒေသခံတွေရဲ့ရုပ်အလောင်းတွေ အပြင် တိရစ္ဆာန်အလောင်းတွေကိုပါ ရှာဖွေပြီး ရှင်းလင်းရေးအဖွဲ့က ကောင်းမွန်စွာမီးသင်္ဂြိုလ်တာတွေ ပြုလုပ်ပေးခဲ့ကာ စစ်ကောင်စီဘက်က သေဆုံးမှုတစ်ချို့ရဲ့အလောင်းတွေကိုတော့ စစ်တပ်က ပြန်လည်ကောက်ယူသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ ကျည်ဆံ လုံလောက်မှုမရှိလို့ အခက်အခဲ့တွေရှိနေတယ်လို့PDF တပ်ဖွဲ့ဝင်တွေကပြောပါတယ်။