
နိုင်း/ဧရာဝတီတိုင်းမ်
(ချောင်းဆုံ)၊ ဩဂုတ်လ ၁၈ ရက်
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ချောင်းဆုံ(ဘီလူးကျွန်း) မြို့နယ်၊ ကလော့ကျေးရွာမှာ သြဂုတ်လ ၁၇ ရက် မနက် ၂ နာရီဝန်းကျင်က မြေပြိုပြီး စစ်အုပ်စုလက်အောက်ခံ ကလော့ရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့ လူနေအိမ် ၃ လုံးပြိုကျပျက်ဆီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ချောင်းဆုံမြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းတာကြောင့် ကလော့တောင်စောင်းမြေသားနံရံပြိကျပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ လူနေအိမ် ၃ လုံးပေါ်ကိုပြိုကျခဲ့တာလို့ဒေသခံတဦးကပြောပါတယ်။
” အဓိက ကတော့ မိုးများတာပေါ့။ မိုးကြီးရင်မြေပြိုတာတွေကရှိတယ်။ ၃၊ ၄ ရက်ဆက်တိုက်ရွာတော့ ကလော့တောင်မြေသားပြိုကျတာ အုပ်ကြီးရုံးကထိပ်ဆုံးကပါတာဘဲ။ လူနေအိမ် ၃ လုံးလည်းပါတယ်။ မြေပြိုတဲ့ထဲပါသွားတဲ့အိမ်ကမိသားစုတွေကိုတော့ အမျိုးတွေ၊ အသိတွေအိမ်ကို ခနပြောင်းနေခိုင်းထားတယ်” လို့ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာကူညီပေးနေတဲ့ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၁၇ ရက်နေ့မှာဘဲ ချောင်းဆုံမြို့နယ် ၊ကဒါကျေးရွာမှာလည်း မိုးသည်းထန်ပြီး မြေပြိုမှုဖြစ်ပွားကာ နေအိမ်နှစ်လုံးပျက်စီးရှုံးဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။
အခုရက်ပိုင်းတွေအတွင်းမှာ မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံတာတွေနဲ့ မြေပြိုကျတာတွေ မြို့နယ်အများအပြားမှာဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း မွန်ပြည်နယ်၊အပေါင်မြို့ နယ်အတွင်းက မလတ်တောင်မြေပြိုကျတာကြောင့် ရဲပြားကုန်းနဲ့သဲဖြူကုန်းရွာအကြား မြေပြိုကျခဲ့ပြီး ဒေသခံ ၆၀ ကျော်သေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ – ကလော့ရွာမှပြိုကျခဲ့သည့်အဆောက်အဦတချို့။