
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်
အာဏာသိမ်း စစ်ကောင်စီတပ်သားများက စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ လမ်းမများပေါ်တွင် ယာယီ တပ်စွဲထားသဖြင့် တန့်ဆည်မြို့နယ်ရှိ လမ်းပိုင်း ၄ ခုကို ယာယီပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်က တန့်ဆည်မြိုနယ်ရှိ ကံပေါက်ရွာ၊ ကိုးတောင်ပို့ရွာနှင့် ဗျက်ကြီးရွာများကို သြဂုတ်လ ၁၇ ရက်နေ့က မီးရှို့ဖျက်ဆီးမှုများ ပြုုလုပ်ခဲ့ပြီး ဒေသတွင်း၌ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေသဖြင့် ခရီးသွားများ အန္တရာယ်ဖြစ်နိုင်သည့်အတွက် ယခုလို ပိတ်သိမ်းခြင်းဖြစ်ကြောင်း တန့်ဆည် PDF ထံက သိရသည်။
အဆိုပါ ယာယီပိတ်သိမ်းထားသော လမ်းပိုင်းများမှာ တန့်ဆည် – လမ်းဆုံ – ကံထူးမ လမ်းပိုင်း၊ တန့်ဆည် – ကာဘိုး လမ်းပိုင်း၊ တန့်ဆည် – ရေဦး လမ်းပိုင်းနှင့် တန့်ဆည် – လမ်းဆုံ – အင်္ကုက္ကားလမ်းပိုင်းတို့ဖြစ်ကြောင်း သိရသည်။
“တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန်ချက် မရှိမချင်း ဤလမ်းပိုင်းများအား အသုံးမပြုကြရန် အသိပေးအပ်ပါသည်။ မလိုက်နာ၍ အကြောင်းတစ်စုံတစ်ရာဖြစ်ခဲ့လျှင် ကာကွယ်ရေးအဖွဲ့များမှ တာဝန်ယူမည်မဟုတ်ပါ”ဟု တန့်ဆည် PDF အဖွဲ့က ထုတ်ပြန်ထားသည်။
အင်အား ၂၀၀ ကျော်ရှိသော စစ်ကောင်စီတပ်က တန့်ဆည်မြိုနယ်ရှိ ကံပေါက်ရွာ၊ ကိုးတောင်ပို့ရွာနှင့် ဗျက်ကြီးရွာမှ အိမ်ခြေ ၂၀ ကျော်ကို သြဂုတ်လ ၁၇ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံများ၏ ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။