
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
စစ်ကောင်စီက ဖမ်းဆီးထားသည့် NLD ရပ်ကျေးဒုဥက္ကဋ္ဌ၏ မိသားစုထံမှ ငွေကြေးတောင်းယူကာ စစ်ကောင်စီနှင့် ငွေကြေးညှိနှိုင်းခြင်းမရှိသည့်အတွက် ပျူစောထီးခေါင်းဆောင်ကို ဖမ်းဆီးသွားကြောင်း သိရသည်။
သန်လျင်စစ် ကြောင်းမှူးနှင့်အဖွဲ့သည် ငွေကြေးမရရှိသည့်ကိစ္စနှင့်ပတ်သက်၍ ပျူစောထီးခေါင်းဆောင် အောင်ဒင်ဆိုသူကို ယမန်နေ့ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးသွား ကြောင်း သိရသည်။
“အဖမ်းခံရတဲ့ မိသားစုဆီက စစ်တပ်နဲ့ညှိပေးမယ်ဆို ပြီး သိန်း ၂၀ တောင်းသွားတယ်။ အဲဒီ သိန်း ၂၀ ကို စစ်တပ်ကလည်း မရဘူးဆိုပြီး ဝင်ဖမ်းသွားတာလို့ သိရတယ်”ဟု သန်လျင်မြို့ဟောင်းနေသူ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျူစောထီးခေါင်းဆောင် အောင်ဒင်သည် ပြီးခဲ့သည့် နိုဝင်ဘာနောက်ဆုံးပတ်က မြို့ဟောင်း အရှေ့ရပ်ကွက် ရာအိမ်မှူးကိုခင်ဇော်(ယခင် NLDရပ်ကျေးဒုဥက္ကဋ္ဌ) ကို စစ်ကောင်စီက ဖမ်းဆီးသည့် ကိစ္စနှင့်ပတ်သက်၍ ညှိ နှိုင်းပေးမည်ဆိုကာ မိသားစုထံမှ ငွေကျပ်သိန်း ၂၀ ကို တောင်းယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါငွေကြေးတောင်းခံသည့်ကိစ္စနှင့်ပတ်သက်ပြီး သန်လျင်စစ်ကြောင်းမှူးနှင့်အဖွဲ့က ငွေကြေးမရရှိ သည့်အတွက် ပျူစောထီး ဦးအောင်တင်(ခ)အောင်ဒင် အခြေချနေထိုင်ရာ သန်လျင်ကမ်း နားရှိ ကျိုက်ထီးရိုးဘုရားတွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
သန်လျင်မြို့ ပျူစောထီးခေါင်းဆောင် အောင်တင်(ခ) အောင်ဒင်သည် မြို့ဟောင်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွေး၏ အကိုအရင်းဖြစ်ပြီး အမည်ခံလူမိုက်များမွေးထားကာ သန်လျင်မြို့ခံများကို မတရားဖမ်းဆီး နှိပ်စက်ငွေကြေးတောင်းခံနေသူ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းကို စစ်တပ်ကထုတ်ပေးထားသည့် ကတ်ရှိသည်ဟုဆိုကာ လူငယ်များကို မကြာခဏခြိမ်း ခြောက်ရိုက်နှက်လေ့ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုနိုဝင်ဘာလအတွင်းတွင် သန်းခေါင်စာရင်းကောက်ယူရန် အကြောင်းပြချက်နှင့် သန်လျင်မြို့ နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကျေးဥက္ကဋ္ဌ ရှစ် ဦးကို ပြန်လည်ဖြုတ်ချ ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ယခင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အဖွဲ့ဝင်များဖြင့် အစားထိုးခန့်အပ် ခဲ့ကြောင်း သန်လျင်ဒေသခံများထံက သိရသည်။
#ရန်ကုန် #သန်လျင် #ပျူစောထီးခေါင်းဆောင် #အောင်ဒင် #စစ်ကောင်စီစစ်ကြောင်းမှူး #ဖမ်းဆီး #Ayeyarwaddy_Times