ဧရာဝတီတိုင်းမ်
(ထီးလင်း)၊ ဒီဇင်ဘာ ၁ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့အနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် စခန်းကြီးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် အထူးရဲတစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထီးလင်းမြို့ဘက်မှ စစ်ကြောင်းထိုးထွက်ခွာလာသည့် တပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တိုက်ပွဲအတွင်း ဗိုလ်ညောင်ဦး၊ ထီးလင်းမြို့မ ရဲစခန်းမှ အထူးရဲတစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးမှာ လက်ရှိတွင် ထီးလင်း ဆေးရုံ၌ ဆေးကုသမှုခံယူ နေကြောင်း သိရသည်။

“ဗိုလ်ညောင်ဦးအတွက် ရွှေထီးခန်းမမှာ သံဃာတော်တွေပင့်ပြီးတရားနာပေးပါတယ်။ သေတဲ့စစ်သားတွေက ထီးလင်းမြို့မီးသတ်ကုန်းမှာတာဝန်ကျနေတဲ့ သူတွေက ပိုများတယ်ဗျ။ အထူးရဲကထီးလင်းနယ် ဆေးမင်းတောရဲစခန်းကနေ စခန်းစွန့်ပြေးလာတဲ့အထဲကပါဗျ” ဟု ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် ယောအလင်းတန်း အဖွဲ့မှ ကိုမင်းဒဿ က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုလက်ရှိတွင် အဆိုပါစစ်ကြောင်းမှာ ထီးလင်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်နေပြီး မြို့ပါတ်လည်တွင်ကင်းပုန်းများချထားကာ ယခုလာမည့်ရက်များတွင် ရဟတ်ယာဉ်ဖြင့် တပ်ကူ အင်အားများထပ်မံလာဖြည့်ရန် ရှိကြောင်းလည်း သိရသည်။

ထို့ပြင် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး ပိတ်မိခဲ့သည့်အတွက် မုံရွာ(နမခ) မှ လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုအခါ ထီးလင်းမြို့ပါတ်ဝန်းကျင်တွင် ကင်းပုန်းဝတ် နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးမှာ နိုဝင်ဘာ ၃၀ ရက်နေ့က ထီးလင်းမြို့အနီးရှိ အနောက်ဖက်ရွာဘက်သို့ ရောက်ရှိလာပြီး အပြန်တွင်လည်း လမ်းတွင်တွ့သည့် လူငယ်တစ်ဦးကို သေနတ် ထောက်၍ ဖုန်း ကိုယူဆောင်သွားခဲ့ကြောင်းလည်း ယောအလင်းတန်းထံက သိရသည်။

ဓာတ်ပုံ – YRA
ပုံစာ – ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းမှ တပ်ဖွဲ့ဝင်များ(ပုံဟောင်းကိုအသုံးပြုထားသည်)
#ထီးလင်း #စခန်းကြီးတိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #Ayeyarwaddy_Times