ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်ပြီးနောက် ရန်ကုန်တိုင်းရှိ စက်မှုဇုန် ၂၉ ဇုန်နှင့် သီလဝါ အထူးစီးပွားရေးဇုန်တို့တွင် ရင်းနှီးမြှုပ်နှံရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားနှင့် စစ်ကောင်စီက ခန့်အပ်ထားသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားနှင့် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံရေး ကိစ္စရပ်အပြင် ကုန်သွယ်ရေး၊ ခရီးသွားလာရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘာသာရေးနှင့် ယဉ်ကျေးမှု၊ လျှပ်စစ်၊ သိပ္ပံနှင့် နည်းပညာ၊ စိုက်ပျိုးမွေးမြူရေး၊ လန်ချန်း-မဲခေါင်၊ ရန်ကုန်-ယူနန် ဆက်ဆံရေး၊ တရုတ်-မြန်မာ ညီအစ်မမြို့တော်ထူထောင်ခြင်းကဏ္ဍများနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများကိုလည်း ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံနှင့် ရင်းနှီးမြုပ်နှံမှုများလုပ်ဆောင်ရန် ဆွေးနွေးမှုသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယခုနိုဝင်ဘာအတွင်းက တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခွင့် ရခဲ့ပြီးနောက် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရသည် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက မစ္စမာကျားကို ၂၀ ဦးမြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ်၍ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် နေရာတွင် အစားထိုးခဲ့သည်။
တရုတ်သံအမတ်ကြီး မစ္စမာကျားသည် ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် တတိယ အတွင်းဝန် အဖြစ်လည်းကောင်း၊ ပါကစ္စတန်၊ ဂျပန်၊ စင်ကာပူ၊ ဗြိတိန်၊ မြောက်အိုင်ယာလန်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့ရှိ သံရုံးများ၌ သံတမန်ဆိုင်ရာ တာ ဝန်များအပြင် အိန္ဒိယနိုင်ငံ တရုတ်သံမှူးကြီးနှင့် သံအမတ်အဖြစ်ပါ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိသီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ တရုတ်၊ ယူအေအီး၊ မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဩစတြီးယား၊ ဆွစ်ဇာလန်၊ ယူနိုက် တက်ကင်းဒမ်း၊ ပနားမား၊ ပြင်သစ် အစရှိသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားကြောင်း စစ်ကောင်စီထံက သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် တရုတ်အပါအဝင် နိုင်ငံအချို့ထံမှ စစ်ရေး၊ စီးပွာရေး အကူအညီရရန်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုလုပ်ဆောင်လာသော်လည်း စစ်ရှုံးလာသည့် အခြေအနေများကြောင့် နယ်စပ်ဂိတ်များ၊ ကုန်သွယ်ရေး လမ်းကြောင်းများကို ဖွင့်လှစ်ထားနိုင်ခြင်းမရှိပေ။
ဓာတ်ပုံ – စစ်ကောင်စီ
#ရန်ကုန်စက်မှုဇုန် #၂၉ဇုန် #သီလဝါအထူးစီးပွားရေးဇုန် #ရင်းနှီးမြှုပ်နှံရေး #တရုတ်သံအမတ် #တိုင်းဝန်ကြီးချုပ်ဆွေးနွေး #Ayeyarwaddy_Times