ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်
ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်မြို့ရှိ အစိုးရရုံးတွေကို Oreshnik အသံထက်မြန်တဲ့ဒုံးကျည် သစ်တွေနဲ့ တိုက်ခိုက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့မှာ ခြိမ်းခြောက်ခဲ့ပါ တယ်။
ရုရှားနိုင်ငံက ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည် သူတစ်သန်းကျော် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်စေပြီးနောက် သူက အခုလို ခြိမ်းခြောက်ခဲ့တာပါ။
“ကျွန်တော်တို့ ကိယက်ဗ်မြို့တော်က စစ်ဘက်နဲ့ စက်မှုဆိုင်ရာ အချက်အချာနေရာတွေကို အသံ ထက်မြန်တဲ့ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှာပါ” လို့ ကာဇတ်စတန်နိုင်ငံ၊ အက်စတန်ညာမြို့တော်မှာပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပူတင်က ပြောပါတယ်။
ကြာသပတေးနေ့က ယူကရိန်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဒရုန်းတွေ၊ ဒုံး ကျည်တွေနဲ့တိုက်ခိုက်တာဟာ ယူကရိန်းရဲ့ အမေရိကန်တာလတ် ATACMS ဒုံးကျည်တွေနဲ့ ရုရှားပိုင် နက်ကို တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တာလို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံက စက်ဆုပ်ဖွယ်ကောင်းသော တင်းမာမှုအရှိန်မြှင့်အောင်ပြုလုပ်နေတယ်လို့ ယူက ရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲခဲ့ပြီး ကလပ်စတာဗုံးတွေနဲ့အတူ ခရုဇ်ဒုံးကျည်တွေ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
ကိယက်ဗ်မြို့တော်က အစိုးရရုံးတွေကို တိုက်ခိုက်ဖို့ ပူတင်ရဲ့ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်ဖို့ ယူကရိန်းနိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါတယ်။
“စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေဟာ ရန်သူရဲ့ တိုက်ခိုက်မှုတွေအတွက် ပစ်မှတ် တွေဖြစ်ပြန်ပါပြီ” လို့ ယူကရိန်းစွမ်းအင်ဝန်ကြီး ဂျာမန်ဂါလွတ်ချန်ကိုက လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ရေး သားခဲ့ပါတယ်။
စစ်ရေးအကူအညီပေးအပ်မှု အရှိန်မြှင့်ဖို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက မိတ်ဖက်တွေကို တိုက်တွန်းခဲ့ပြီး စစ်ရေးအကူအညီပေးတာဟာ စစ်မှုထမ်းဆင့်ခေါ်တာထက် ပိုမို အရေးကြီးတယ်လို့ ပြောပါတယ်။
ရုရှားကျူးကျော်မှု အဆုံးသတ်ဖို့ အနီးကပ်ဆုံး အနာဂတ်မှာ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ယူကရိန်းနိုင်ငံက အသင့်ရှိတယ်လို့ သမ္မတရုံးအကြီးအကဲ အန်ဒရေရာမတ်ခ် က ပြောပါတယ်။
ယူကရိန်းနိုင်ငံနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စတင်ဖို့ ကြိုတင်သတ်မှတ်ချက်တွေ မရှိပေမယ့် သဘောတူညီချက်ရဖို့ သူ သတ်မှတ်ထားတဲ့ စကားရပ်တွေက မပြောင်းလဲဘူးလို့ ပူတင်က ပြောပါ တယ်။
ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ဝင်ဖို့ ရည်မှန်းချက်တွေ စွန့်လွှတ်ပြီး ပြည်နယ်လေးခုကို ရုရှားနိုင်ငံ သို့ လွှဲပြောင်းပေးပါက စစ်ပွဲကို အဆုံးသတ်ပေးမယ်လို့ ဇွန်လအတွင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ကိုးကား – VOA
Ref; Putin threatens Kyiv with new hypersonic cruise missile
#Ayeyarwaddy_Times