နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်
အာဏာသိမ်းပြီးနောက် ထိခိုက်သေဆုံးသွားသော လက်အောက်ခံ စစ်သား၊ ရဲ၊ အငြိမ်းစား ဝန်ထမ်းတို့၏ သားသမီးများအတွက် ဆောင်ရွက်ပေးမည်ဟု နေပြည်တော် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထပ်မံစည်းရုံး ပြောဆိုလာကြောင်း သိရသည်။
နေပြည်တော်၌ ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသူများ၏ သားသမီးများ ပညာသင်ကြားခွင့် ရရှိရေး နှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားရန် ပြောဆိုခဲ့သည်။
ယခင်က နိုင်ငံတော်အဆင့် အကောင်အထည်ဖော် လုပ်ပေးခြင်းမျိုးမရှိဘဲ စစ်တပ်နှင့် ရဲအသိုင်းအဝိုင်းတွင် သေဆုံးများ၏ မိသားစုများ စားဝတ်နေရေး အသက်မွေးဝမ်းကြောင်းမှုအတွက် ကူညီပေးမှုများ သာ ရှိခဲ့ဖူးကြောင်း လုပ်သက်ရင့် CDM ရဲတပ်ကြပ် သန်းထွန်းဦးက ဆိုသည်။
“အခုကတော့ သုံးနှစ်ကျော် တိုက်ပွဲတွေအတွင်း ကျဆုံးပျောက်ဆုံး ပြုန်းတီးတာတွေ များနေတော့ သူတို့ဘက်ခြမ်းက လူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြောင်းပြဖို့ ဖော်ရှိုးလုပ်နေတယ်လို့ ထင်ပါတယ် ” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်နှင့် ဒုစစ်ခေါင်းဆောင်တို့က မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့်အပေါ် ဂုဏ်ယူလေးစား အသိအမှတ်ပြုဟု မကြာခဏ ပြောဆိုကြောင်း သိရသည်။
စစ်ခေါင်းဆောင်၏ ယခုပြောစကားသည် တပ်တွင်း စည်းရုံးရေးတစ်ခု တည်ဆောက်ခြင်းဖြစ်ပြီး ယခင်မဲဆွယ်ကာလက ဟန်ပြတွေ့ဆုံမှုများ ပြုလုပ်၍ ဆန်တပြည်၊ ဆီတစ်ဗူး ပေးတာကြုံဖူးကြောင်း CDM ဗိုလ်ကြီး ဘုဏ်းသိုက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ပညာသင်ကြားပေးဖို့ မပြောနဲ့ အငြိမ်းစားယူပြီး တပ်ထဲကနေ ချက်ချင်းပြောင်းခိုင်းတာပဲဗျ။ စစ်မှုထမ်းဟောင်း အဖွဲ့ဆီကိုလဲ သက်ဆိုင်ရာ local အလိုက် ဝင်ခိုင်းတယ်ဗျ။ တချို့အဆင်ပြေတဲ့၊ ချမ်းသာတဲ့ သူတွေကတော့ သူတို့နဲ့ လုံးဝမပက်သက်ဘူး၊ သူတို့ဘာသာ နေမယ်ဆိုပြီး လုံးဝပြန်မဝင်တာ ရှိတယ်” ဟု ၎င်းက ဆိုသည်။
အလားတူ စစ်ခေါင်းဆောင်က ပြီးခဲ့သည့် အမျိုးသားနေ့နှင့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တို့တွင်လည်း လက်အောက်ခံ စစ်သား၊ ရဲ၊ လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ၊ စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ စည်းရုံးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘွဲ့တံဆိပ်များ ပေးအပ်ခံရသူများသည် ကျရှုံးလုနီးနီး တပ်စခန်းများရှိ ဗျူဟာမှူးများနှင့် တိုက်ပွဲအတွင်း သေဆုံးသူများအပါအဝင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သော တပ်ဖွဲ့ဝင်များ ဖြစ်ကြသည် ဟု သိရှိရပြီး ထိုအပေါ် ကျန်ရှိမိသားစုဝင်များက ဝေဖန်ပြောဆိုနေကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #အာဏာသိမ်း # ထိခိုက်သေဆုံး #စစ်သား #ရဲ # သားသမီးများ #ဆောင်ရွက်ပေးမည်ဟု #ထပ်မံစည်းရုံးပြောဆို #Ayeyarwaddy_Times