ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ၁၇ရက်ကြာထိုးစစ်ဆင်ပြီးနောက် အာရက္ခတပ်တော် (AA) က အလုံးစုံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) သည် တောင်ကုတ်မြို့တစ်ခုလုံးကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ရက်နေ့မှစ၍ ထိန်းချုပ်လိုက်ပြီး မြို့ပြင်ရှိ တပ်မဌာနချုပ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၈ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲများအဖြစ် စစ်ကောင်စီ၏ တောင်ကုတ်မြို့ပြင်ပရှိစခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံရှိ စစ်ကောင်စီစခန်းများ၊ စစ်ကောင်စီက အခိုင်အမာ စခန်းချနေထိုင်ခဲ့သော တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ တက္ကသိုလ်ကျောင်းဆောင်များ၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီစခန်း၊ ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်း အနီးတောင်ကုန်း နှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီစခန်းများကို သိမ်းပိုက်ခဲ့သည်။

ထို့ပြင် တောင်ကုတ်မြို့အဝင် စစ်ကောင်စီ၏ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီး ကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီစခန်း၊ ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ စခန်း၊ ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီစခန်း၊ သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်းတို့ကို စတင်ထိုးစစ်ဆင်သည့် နိုဝင်ဘာလ ၄ ရက် မှ ၂၀ ရက်အတွင်း သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကို နိုဝင်ဘာ ၂၄ ရက်နေ့တွင် အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

AA သည် တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီ၏ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကို AA က တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

AA သည် တောင်ကုတ်မြို့ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်မစတင်မီကတည်းကပင် တောင်ကုတ် မြို့အား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး တိုက်ခိုက်ထိုးစစ်ဆင်မည့် တောင်ကုတ်မြို့ရှိ စစ်ကောင်စီ စခန်း အနီးပတ်ဝန်းကျင်တွင် ဒေသခံများရှိပါက တိုက်ပွဲနှင့် ဘေးလွတ်ရာသို့ခေါ်ဆောင်၍ ဒေသခံ ပြည်သူလူထုကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း AA က ဆိုထားသည်။

ထို့ပြင် အခြားတစ်ဖက်တွင်လည်း တောင်ကုတ်မြို့ပြင်၊ မြို့တွင်းမှ ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် နှိုးဆော်ထားသကဲ့သို့ ပြည်သူအများစုကို တိုက်ပွဲနှင့်ကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းထားခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။

ယခုအခါတွင် တောင်ကုတ်မြို့ကို AA က ထိန်းချုပ်လိုက်ပြီဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိခြင်းမရှိသော်လည်း ပြည်သူပိုင်ပစ္စည်းများကို ခိုးယူမည့်သူများ ရှိနေ၍ လက်ကျန်ပြည်သူများ၏ အသက် အန္တရာယ်ကိုစိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ဆက်လက်ရွေ့ပြောင်းပေးလျက်ရှိကြောင်း AA က ထုတ်ပြန်ချက်အရ သိရသည်။

AA သည် ရခိုင်ပြည်နယ်တွင် သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို တစ်မြို့မကျန် ဆက်လက် သိမ်းပိုက်ရယူနိုင်ရန်အတွက် ၎င်းမြို့များရှိ စစ်ကောင်စီ ၏ တပ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ‌ကြောင်း သိရသည်။

ယခုလများအတွင်း အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်များအတွင်းရှိ စစ်ကောင်စီစခန်းများကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မောင်တောမြို့တွင် တစ်ခုတည်းကျန်ရှိနေသေးသော နယ်ခြားစောင့် စခန်း နခခ (၅)၊ မြို့သူကြီးကိုလည်း အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ‌ကြောင်း AA က ထုတ်ပြန်ထားသည်။

#တောင်ကုတ် #စစ်ကောင်စီ #AA #ထိုးစစ်ဆင် #သိမ်းပိုက် #Ayeyarwaddy_Times