ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲတလင်းကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားအုန်းဆီ၀ယ်ယူခွင့်စာအုပ်ပြုလုပ်ရာတွင် အုပ်ချုပ်ရေးမှူးမှ ငွေတောင်းယူမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၂၄ ရက်က ကျွဲတလင်း၊ မှန်ကူ၊ ကနစိုချောင်း၊ တောင်ပို့ကုန်းစသည့်ကျေးရွာများရှိ အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ၀ယ်ခွင့်စာအုပ်တစ်အုပ်ကို ငွေတစ်သောင်းနှုန်းကောက်ယူနေကြောင်းသိရှိရသည်။
” စာအုပ်ထဲမှာပါတဲ့ဆိုင်မှာ တစ်လကိုဆီ၅၀သား တစ်ကြိမ်ထုတ်ခွင့်ရှိတယ်။ အရင်ကမှ တစ်လနှစ်ကြိမ်ထုတ်လို့ရသေးတယ်။ အမှန်ကတော့ လုံလောက်မှုတော့မရှိပါဘူး အိမ်ထောင်စုစာရင်း နဲ့ကို အတင်းအကျပ်လုပ်ခိုင်းတာ” ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဆီစာအုပ်တွင် စစ်ကောင်စီသတ်မှတ်ထားသော တစ်ပိသာ ၆၀၀၀ ကျပ်ဈေးနှင့် ထုတ်ယူခွင့်ရမည်ဖြစ်ပြီး ပြင်ပတွင်တစ်ပိသာလျှင် ၂၀၀၀၀ ကျပ်နီးပါးအထိ ဈေးပေါက်နေကြောင်း ဒေသခံများကပြောသည်။
အဆိုပါ ကျေးရွာအုပ်စုတွင် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မျိုးမင်းဦးဆိုသူမှ ဆီစာအုပ်များ ပြုလုပ်ပေးခြင်းအတွက် ငွေတောင်းခြင်းနှင့် စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး လစဥ်ငွေတောင်းခံခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။
#မော်လမြိုင်ကျွန်း #ကျွဲတလင်းကျေးရွာအုပ်စု #စားအုန်းဆီ၀ယ်ယူခွင့်စာအုပ် #ငွေပေးနေရ
#Ayeyarwaddy_Times