ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်

တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့်အတွက် ပြန်လည်ဆေးကုသမှုခံယူနေသည့် ပြည်သူ့စစ်မှုထမ်းများကို ဒဏ်ရာပျောက်ကင်းအောင် ဆေးကုသမပေးပဲ စစ်ကောင်စီတပ်က ရှေ့တန်းသို့ ပြန်လွှတ်နေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူထံကသိရသည်။

ထို ပြည်သူ့စစ်မှုထမ်းများမှာ ကျုံပျော်ခရိုင်အတွင်း စုဆောင်းခံထားရသူများဖြစ်ကြပြီး ရခိုင်စစ်မျက်နှာပြင်တွင် ဒဏ်ရာရရှိခဲ့ကာ ကျုံပျော်ဆေးရုံသို့ ပြန်လည်ဆေးကုသခံယူနေကြသူများလည်း ဖြစ်ကြောင်း သိရသည်။

“ဒဏ်ရာတွေ မပျောက်ကင်းသေးပဲ ရှေ့တန်းပြန်ပို့တာ၊ တစ်ချို့ဆိုရင် မိုင်းစတွေ အသားထဲမှာကျန်နေတယ်၊ အပေါ်ယံပဲ ကုသပေးပြီး သူတို့မိခင်တပ်ရင်းကနေတဆင့် ရှေ့တန်းပြန်လွှတ်နေတာ”ဟု ပြည်သူ့စစ်မှုထမ်းတပ်သားတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းများကို ကျုံပျော်မြို့မှတဆင့် ၎င်းတို့၏ မိခင်တပ်ရင်းဖြစ်သည့် ဟင်္သာတ ခြေလျှင်တပ်ရင်း (ခလရ) ၁၈ တွင် ပို့ဆောင်ပြီး လက်ရှိ စစ်ကောင်စီတပ်အင်အားချိနဲ့နေသည့် ရခိုင်ပြည်နယ်သို့ ထပ်မံ ပို့ဆောင်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံထားရသည့် ဧရာဝတီတိုင်းမှပြည်သူ့စစ်မှုထမ်းအများစုမှာ တိုက်ပွဲအတွင်း သေဆုံးမှုများပြားနေသလို အခြား စစ်ကောင်စီတပ်သားများမှာလည်း လက်နက်ချအညံ့ခံမှုများလည်း ရှိနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

ထို့ပြင် ဧရာဝတီတိုင်းတွင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး မြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သက်ဆိုင်ရာ သင်တန်းကျောင်းများသို့ပို့ဆောင်နေပြီး သင်တန်းပြီးဆုံးက ရခိုင်ပြည်နယ်သို့ ပို့ဆောင်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်
ပုံစာ-ဟင်္သာတ ခြေလျှင်တပ်ရင်း ၁၈ မှ ရှေ့တန်းသို့ပို့ဆောင်ခံရသည့် ပြည်သူ့စစ်မှုထမ်းများ
#ကျုံပျော် #ဒဏ်ရာရ #ပြည်သူ့စစ်မှုထမ်များ #ပျောက်ကင်းအောင်ကုသမပေးပဲ #ရှေ့တန်းပြန်လွှတ် #Ayeyarwaddy_Times