
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
အာရက္ခတပ်တော် AA၏ ထိုးစစ်မှာ ဂွမြို့နှင့် ခုနှစ်မိုင်ခန့်သာ ကွာတော့သည့်အတွက် စစ်ကောင်စီက ဂွလမ်းပေါ်ရှိ ကင်းပုံတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီက ကင်းပုံတံတားကို မိုင်းခွဲဖျက်ဆီးပြီး တံတားတစ်ဖက်ခြမ်းမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
“အခုဆို စစ်တပ်က ကမ်းသာယာဘက်ထိ ဆုတ်လာရပြီ။ မြို့ပေါ်တပ်စွဲထားတဲ့မေရာထိ AAက ဒရုန်းနဲ့တိုက်ခိုက်နေပါတယ်။ လက်နက်ကြီးတွေပါပစ်ပါတယ်။ စစ်တပ်က ဆုတ်ရင်းနဲ့ ဂွမြို့ပေါ်ထိရောက်ပါတော့မယ်” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီက လေယာဉ်ဖြင့် ကင်းပုံကျေးရွာကို ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအချို့ ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၂၆ရက်နေ့က ကင်းပုံကျေးရွာတွင်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်သေဆုံးပြီး လက်ရဖမ်းဆီးရမိသူများလည်း ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်မှာ ကျိန္တလီနှင့် ကြွေချိုင်တို့မှတပ်ဆုတ်ခဲ့ရပြီးနောက်ပိုင်း ခုခံနိုင်ခြင်းမရှိဘဲ ဆုတ်ခွါစစ်ဖြင့်သာ ခုခံနေရပြီး ယခုဆိုလျှင် ဆုတ်ခွါခဲ့သည်မှာ ဂွမြို့အနီးသို့ပင် ကပ်လာပြီဖြစ်သည်။
ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲခဲ့ရာ ရွှေတွင်းတူး၊ ချင်းကုန်း၊ ဆတ်သွား၊ ဆင်ကူး၊ ကျောင်းတောင်၊ ဘာလီချောင်း၊ ကင်းပုံ စသည့်ေကျးရွာများကို AAက ဆက်တိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။
#ဂွ #ကင်းပုံတံတား။ #စစ်ကောင်စီ #မိုင်းခွဲ #Ayeyarwaddy_Times