ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နှင့်ကန်ကြီးထောင့်မြို့ နယ်တို့တွင် စိုက်ပျိုးထားသည့် မိုးစပါးများ ရိတ်သိမ်းရန် အချိန်ကျနေပြီဖြစ်သော်လည်း စပါးရိတ်စက်နှင့် လုပ်သားရှားပါးခြင်းကြောင့် ရိတ်သိမ်းနိုင်ခြင်းမရှိသေးကြောင်း လယ်သမားများထံမှသိရသည်။

နယုန်လတွင်ပျိုးထောင်၍ ဝါဆိုလတွင်အပြီးစိုက်ပျိုးခဲ့ ကြသသည့် ရက် ၉၀၊သီးထပ်၊မနောသုခ၊ဧည့်မထ၊ရွှေသွယ်၊တောင်ပျံယဉ် မျိုးများကို တန်ဆောင်မုန်းလထဲတွင်ရိတ်သိမ်းရမည်ဖြစ်သည်။

“ကျုပ်တို့ကျေးရွာအုပ်စုမှာစပါးရိတ်စက်က နှစ်စီးပဲရှိတာ မိုးစပါးစိုက်ဧက ၃၀၀၀ ကျော်တယ် ရိတ်မယ့်သူများပြီးစက်ကနည်းတော့ ကိုယ့်အလှည့်ရောက်ဖို့စောင့်တော့တာပေါ့ ” ဟု အုတ်စီကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

စပါးရိတ်စက်မရသဖြင့် လုပ်သားဖြင့်ရိတ်ရန်အတွက်လည်း လုပ်သားရှားပါးနေ၍ ဌားရမ်းမရသဖြင့် စပါးရိတ်စက် ရမည့်ရက်ကိုသာ စိတ်ရှည်ရှည်ထားကာ စောင်ဆိုင်းနေရကြောင်း သိရသည်။

“လူအားနဲ့ရိတ်ရင် တစ်ဧက တစ်သိန်းခွဲပဲပေးရတယ်။ ဒါပေမဲ့အချိန်ကြာတယ် အ‌လေအလွင့်များတယ် လူဌားရတာက စက်ဌားရတာထက်ခက်တယ် စက်ကိုစောင့်ပြီး နှစ်သိန်းပေးရိတ်ရတာက အချိန်မြန်တယ် ၊ အလေနည်းတယ်။ လယ်ထဲကနေစပါးလှမ်းမဲ့နေရာအထိ‌အ‌ရောက်ဆိုတော့ အလုပ်ရှုပ်သက်သာလို့ စက်နဲ့ပဲရိတ်ကြတာ ” ရှမ်းရွာမှလယ်သမားတစ်ဦးကပြောသည်။

စပါးရိတ်သိမ်းနိုင်ခြင်းမရှိသေး‌သော်လည်း ရာသီဥတု ဖောက်ပြန်ခြင်းမရှိပဲ မိုးရိပ်မိုး‌ငွေ့ကင်းစင်နေသဖြင့် စပါးပျက်စီးဆုံးမှူမရှိနိုင်သောကြောင့် စိုးရိမ်ပူပန်ရန် မရှိကြောင်း လယ်သများအများစုက သုံးသပ်ကြသည်။

လယ် ၅ ဧကစိုက်ပျိုးထားသည့် လယ်သမားတစ်ဦးက ” စကစက စပါးဈေးကို ကိုးသိန်ခွဲသတ်မှတ်ပေးထားတယ် လက်ရှိ ဈေးပေါက်နေတာက ၂၁ သိန်း ။ထွက်နှုန်းကို တင်း ၆၀ လောက် မှန်းထားတယ်။ တစ်ဧကကို အကြမ်းဖျင်းနှစ်သိန်း ကျော် သုံးသိန်းနီးပါးတော့ကျန်မယ်ထင်တာပဲဗျာ ” ဟု ခန့်မှန်းပြောဆိုသည်။

လယ်စိုက်ပျိုးရာတွင် ပုလဲဓာတ်‌မြေသဩဇာတစ်အိပ်လျှင် တစ်သိန်းနှစ်သောင်းကျပ်၊ တီစူပါ(အနက်) တစ်အိပ်လျှင် ကျပ်တစ်သိန်းခွဲစျေးဖြင့် ဝယ်ယူသုံးစွဲရကာ ပိုးသတ်ဆေးစျေးနှုန်းမှာလည်း သုံးဆခန့်မြင့်တက်ခဲ့သဖြင့် သွင်းအားစုကုန်ကျစရိတ်များ ကြီးမြင့်ခဲ့ကြောင်း လယ်သမားများက ပြောသည်။

ဧရာဝတီတိုင်းတွင် မိုးစပါးစိုက်ပျိုးဧက ၃၇ သိန်းကျော် စိုက်ပျိုးခဲ့သည်ဟု တိုင်းစိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်များထံမှသိရသည်။

#စပါးရိတ်စက် #လုပ်သားရှားပါးခြင်းကြောင့် #ဧရာဝတီတိုင်း #လယ်သမားများ #စပါးရိတ်သိမ်းချိန်နောက်ကျ
#Ayeyarwaddy_Times