
ဧရာဝတီတိုင်းမ်
(ဟင်္သာတ)၊ နိုဝင်ဘာ ၂၇ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းတစ်ဦးသည် အရက်မူးပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ရိုက်နှက်သည့်ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွါးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။
ဟင်္သာတထောင်မှ ထောင်ဝန်ထမ်း အောင်ကျော်မြင့်သည် ညဘက်အဆောင်ပိတ်ချိန်တွင် အရက်မူးလာပြီး ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်ဖြင့် နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်၏လက်ကို အပြင်ထုတ်ခိုင်းကာ ရိုက်နှက်ခဲ့ပြီး လက်ပြန်ရုတ်သည့်အချိန်တွင်လည်း အပြင်မှ လည်ပင်းကိုဆွဲ၍ လှမ်းညှစ်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
“အဓိကရိုက်တာက အရင်တုန်းကအဲ့ဒီဝန်ထမ်းဆီမှာ မိသားစုတွေကပိုက်ဆံသွင်းဖူးတယ်ပေါ့။ နောက်ပိုင်းမှာတော့အကျဉ်းထောင်ရဲ့လုပ်ထုံးလုပ်နည်းအရပဲ ငွေကြေးသွင်းတာ ဈေးဘားသွင်းတာအခါမျိုးမှာ သူ့ဆီကမသွင်းတော့ သူ့ကိုမယုံတာလား ရန်သူလိုသဘောထားတာလား စသဖြင့်ပေါ့ မူးလာတဲ့အခါမှာ ပြောဆိုပြီး အဲ့ဒီနိုင်ငံရေးအကျဉ်းသားကို ရိုက်ခဲ့တာပေါ့” ဟု PPNM အဖွဲ့မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံရေးအကျဉ်းသားကိုရှိုင်းထက်ဇော်မှာ ပုဒ်မ ၅၀(ည)၊ ၅၁(က) တို့ဖြင့် ဖမ်းဆီးအကျဥ်းချခြင်းခံထားရသူတစ်ဦး ဖြစ်ကာ ယခုအခါ ရိုက်နှက်ခံခဲ့ရသည့် လက်ဒဏ်ရာမှာ သက်သာပျောက်ကင်းခြင်းမရှိသေးပဲ ယောင်ယမ်း နေသည့်အနေအထားတွင်သာ ရှိနေသေးကြောင်း သိရသည်။
အဆိုပါ ထောင်ဝန်ထမ်းအောင်ကျော်မြင့်မှာ အရက်မူးလာချိန်တိုင်း နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်လေ့ရှိသူဖြစ်ကာ ထိုသို့ရိုက်နှက်နှိပ်စက်မှုများကိုလည်း ထောင်ပိုင်သန်းဇော်ထွေးမှ အားပေးအားမြှာက်ပြုကာ ခွင့်ပြုပေးထားကြောင်းလည်း PPNM ထံကသိရသည်။
“အခုလိုမျိုး စိတ်ရှိတိုင်းရိုက်နှက်ခံရတဲ့ကိစ္စဟာ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အသက်အာမခံချက်မရှိဘူး။ အသက်ရှင်သန်ပိုင်ခွင့် ဆိုတဲ့ အခြေခံအကျဆုံး အခွင့်အရေးရှုံးဆုံးနေတယ်လို့ ပြောလို့ရတယ်” ဟု ကို သိုက်ထွန်းဦးက ဆက်လက် ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီး သုံးနှစ် ကျော်ကြာကာလအတွင်း ၎င်းတို့၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူပေါင်း ၂၇၇၂၆ ဦးအထိရှိနေပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ ပေါင်း ၂၁၁၆၈ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့နိုဝင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ဟင်္သာတ #PPNM #နိုင်ငံရေးအကျဉ်းသား #ရိုက်နှက်ခံရ #ထောင်ဝန်ထမ်း #ထောင်မှူးအောင်ကျော်မြင့် #Ayeyarwaddy_Times