ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဆေးခန်း လေကြောင်းတိုက်ခိုက်ခံရ၍ လူခြောက်ဦး သေဆုံးကာ အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိပဲ လူနာများဆေးကုသနေသည့် လုမ်သဲကျေးရွာဆေးခန်းကို စစ်ကောင်စီတပ်က ဗုံးသီး လေးလုံးထက်မနည်း ကြဲချခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးခန်းတွင် ဆေးကုသမှုခံယူနေသည့် လူနာ ငါးဦးနှင့် ဆေးကုသပေးနေသည့် သူနာပြုတစ်ဦးတို့ သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“မနေ့က ဗုံးကြဲခံရတဲ့နေရာက ကျေးလက်ဆေးကုသဆောင်ဖြစ်ပါတယ်။ ဆေးခန်းကလူနာတွေ၊ ဆရာမတွေ ထိခိုက်သေဆုံးမှုရှိသလို ဆေးခန်းကလည်း လုံးဝပျက်စီးသွားပါတယ်” ဟု ဖလမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသည့် လူနာငါးဦးသည် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ရဲဘော်များဖြစ်ကြောင်း ဒေသခံများက အတည်ပြု ပြောဆိုကြသော်လည်း CNDF က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသလို ဆက်သွယ်၍လည်း မရသေးပါ။

ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်သည့်အတွက် လုမ်သဲကျေးရွာက နေအိမ်အများပြားလည်း ပျက်စီးသွားပြီး ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ဗားရ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဘုရားကျောင်းအပါအဝင် လူနေအိမ်ငါးလုံး ပျက်စီးသွားခဲ့သည်။

လက်ရှိအချိန် ဖလမ်းမြို့သိမ်းတိုက်ပွဲပြင်းထန်လာခြင်းနှင့်အတူ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုများလာသလို အရပ်သားများနေထိုင်သည့် ကျေးရွာများကိုလည်း လေကြောင်းတိုက်ခိုက်မှု ပိုလုပ်ဆောင်နေကြောင်း သိရှိရသည်။

#ဖလမ်းမြို့နယ် #လုမ်သဲဆေးခန်း #လေကြောင်းတိုက်ခိုက်ခံရ# ၆ဦးသေဆုံး #Ayeyarwaddy_Times