ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

ရိုဟင်ဂျာတွေကို ဖိနှိပ်မှုနဲ့ပတ်သက်တဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျူးလွန်မှုကြောင့် မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ကြိုးပမ်းမယ်လို့ အပြည်ပြည်ဆိုင် ရာ ရာဇဝတ်ခုံရုံး (ICC) မှ ရှေ့နေက ယနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေကို နှင်ထုတ်မှု၊ ဖိနှိပ်မှုအတွက် မင်းအောင်လှိုင်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ ကျိုးကြောင်းသင့်လျော်သော အထောက်အထားတွေရှိတယ်လို့ သဘော တူပါက တရားသူကြီး (၃) ဉီးပါအဖွဲ့က ဖမ်းဝရမ်း ထုတ် မထုတ် ဆုံးဖြတ်မှာဖြစ်ပါတယ်။

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အချိန်သတ်မှတ်ချက် မရှိပေမယ့် ဖမ်းဝရမ်းတစ်ရပ် ထုတ်ဖို့ (၃) လဝန်းကျင် ကြာမြင့်မယ်လို့ သိရပါတယ်။

လွတ်လပ်သော၊ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ICC ရှေ့နေရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ခေါ်ဆိုခဲ့တဲ့ မြန်မာစစ်တပ် ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါ တယ်။

မြန်မာနိုင်ငံက ICC အဖွဲ့ဝင်မဟုတ်ပေမယ့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့လို့ ICC တရားရုံးမှာ တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ၂၀၁၉ ခုနှစ် စီရင်ချက် တွေက ဖော်ပြပါတယ်။

“ICC ရှေ့နေရုံးက မြန်မာစစ်တပ်ရဲ့ အဆင့်မြင့်တာဝန်ရှိသူတစ်ဉီးကို ဖမ်းဝရမ်းတစ်ရပ်ထုတ်ဖို့ ပထမဆုံး လျှောက်ထားမှုဖြစ်ပါတယ်။ နောက်ထပ် အရေးယူမှုတွေ ထပ်လာမှာဖြစ်ပါတယ်” လို့ ICC ရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုးကား – Reuters
Ref; International criminal court prosecutor seeks arrest warrant for Myanmar military leader

#Ayeyarwaddy_Times