
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
စစ်ကောင်စီထိန်းချုပ်ထားသော စားအုန်းဆီဈေးသည် ယခုလသီတင်းသုံးပတ်ဆက်တိုက် အခြေခံလက်ကားရည်ညွှန်းဈေး တက်လာကာ စားအုန်းဆီတစ်ပိဿာလျှင် ၆၇၅ ကျပ်ဈေးတက်လာကြောင်းသိရသည်။
ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုအများဆုံးဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုသက်ရောက်မှုကြောင့် စားအုန်းဆီထွက်ရှိမှုနှင့် ထုတ်လုပ်မှုကျဆင်းလာပြီး ဈေးနှုန်းမြင့်တက်လာကြောင်းစစ်ကောင်စီက ထုတ်ပြန်သည်။
ယခုတစ်ပတ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စာအုန်းဆီတစ်ပိဿာလျှင် ကျပ် ၇၂၈၀ ကျပ်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
နိုဝင်ဘာ ၄ မှ ၁၀ ရက်အတွင်း စားအုန်းဆီတစ်ပိဿာ လျှင် ၆၅၉၅ ကျပ်ရှိရာမှ နိုဝင်ဘာ ၁၁ မှ ၁၇ ရက်အတွင်း စားအုန်းဆီတစ်ပိဿာ လျှင် ၆၆၃၅ ကျပ်သို့မြင့်တက်ခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်မှ ၂၅ ရက်အထိတွင် စားအုန်းဆီတစ်ပိဿာအခြေခံလက်ကားရည်ညွှန်းဈေး မှာ ၇၀၁၅ ကျပ်သို့ ထပ်မံမြင့်တက်သွားခဲ့သည်။
ပြင်ပစားအုန်းဆီပေါက်ဈေးတွင် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကြားရှိကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
လက်ရှိစားအုန်းဆီဖြန့်ဖြူးရာတွင် စစ်ကောင်စီဝန်ထမ်းကိုခွဲတန်းဖြင့်ပေးခြင်း၊ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ထုတ်ခြင်းနှင့် သက်မှတ်အရောင်းဆိုင်များတွင် သတ်မှတ်ဈေးဖြင့် ဝယ်ယူနိုင်ကြောင်း စစ်ကောင်စီက သတ်မှတ်ဖြန့်ဖြူးနေသည်။
လက်ရှိတွင် စစ်ကောင်စီ ဝန်ထမ်းများအပါအဝင် အစိုးရဌာနများရှိ နေ့စားဝန်ထမ်းများက စားအုန်းဆီဝယ်ယူခွင့်လျှောက်ထားပြီး တစ်လလျှင် တစ်ပိဿာမှ နှစ်ပိဿာကြားဝယ်ယူခွင့်ရှိကြောင်းသိရသည်။
“စစ်ကောင်စီသတ်မှတ်ဈေးတက်လို့ ဝန်ထမ်းတွေယူဈေးလည်းတက်တယ်။ ဆီရလို့ထုတ်ရတဲ့နေ့မှ ဈေးဖြတ်တာ။ အရင်ဈေးကျပ်၆,၀၀၀ ကျော်တုန်းက ကျပ် ၇,၀၀၀ ကျော်ပေးရမယ်။ အခုဆို ကျပ် ၈,၀၀၀ ကျော်ကျလိမ့်မယ်ထင်တယ်။ ဈေးအတိအကျက ဆီရမှသိရမယ်” ဟု စစ်ကောင်စီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ထို့ပြင်ရန်ကုန်မြို့အတွင်းမြို့နယ် ၄၄ မြို့နယ်မှ အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီနှစ်ပိဿာကို အိမ်အရောက်ပို့စနစ်ဖြင့်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။
ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီကိုဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်သိုလှောင်ခြင်းပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း
#စစ်ကောင်စီ #စားအုန်းဆီ #ဈေးထပ်မံမြင့်တက်
#Ayeyarwaddy_Times