
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းနှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် တောင်ကုတ်မြို့ပြင် ၌ ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ ၃၄၆၊ ခမရ ၅၄၄ နှင့် စကခ ၅ အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် AA ကိုပြန်လည်တိုက်ခိုက်မှု မပြုလုပ်တော့ဘဲ လက်နက်ချခဲ့ကြောင်း သိရသည်။
“စစ်တပ်က နဂိုကတည်းက အသံလွှင့်ပြီးသား။ AA လာတိုက်ရင် အသေမခံဘူး၊ အလံဖြူထောင်မယ်၊ လက်နက်ချမယ်ဆိုပြီး အသံပစ်ထားတာ။ အခုတိုက်ခံရတာ ရက်ပိုင်းအတွင်းကို အလံဖြူထောင်သွားတာ လို့ သိရတယ်”ဟု တောင်ကုတ်ဒေသခံတဦးက ဧရာဝ တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့ကတည်းက AA သည် တောင်ကုတ်မြို့အတွင်း စီးနင်းဝင်
ရောက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့အတွင်းမှ တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြို့ပြင်တွင်ကျန်ရှိနေသည့် တပ်ရင်းနှစ်ရင်း နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ထံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက တောင်ကုတ်မြို့အတွင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်
ကုတ်မြို့အတွင်းရှိ သိမ်တောင်၊ အင်းခုန်
တောင်၊ ကိုင်းရှည် စသည့်ရပ်ကွက်များ ဗုံးထိမှန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း သိရသည်။
လတ်တလောတွင် တပ်ရင်းနှစ်ခုနှင့် ဌာနချုပ်တခုတို့ အလံဖြူထောင်ခဲ့သည်ဟု သိရပြီး လက်နက်ရရှိမှုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ကိုမူ ဧရာဝတီတိုင်းမ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
ပုံစာ- ပုံဟောင်း
#ရခိုင် #တောင်ကုတ် #စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် #အလံဖြူထောင် #လက်နက်ချ #အညံ့ခံ #Ayeyarwaddy_Times