
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
စစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲစေရေးအတွက် ရဟန်းသာမဏေများအားလုံး ထောက်ခံပေးရန်နှင့် မလိုက်နာပါက အာဏာစက်ဖြင့် ဖမ်းဆီးအရေးယူမည်ဟု နိုင်ငံတော်သံဃမ ဟာနာယကအဖွဲ့ (မဟန)အစည်းအဝေးတွင် ခြိမ်းခြောက်လျှောက်ထားခဲ့ကြောင်း ဆရာတော်များထံက သိရသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အဋ္ဌမအကြိမ်မြောက် ၄၇ ပါးစုံညီ အဋ္ဌာရသမအစည်းအဝေးကို ယခုရက်အတွင်း ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပခဲ့ရာ စစ်ကောင်စီ ဝန်ကြီးက ထိုကဲ့သို လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် စစ်ကောင်စီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ၎င်းတို့၏ တရားနှင့်အညီ ထောက်ပံ့ပေးသော အာဏာစက်အကူ အညီကို ရယူနိုင်ရေး ယခုထက်ပိုမို စွမ်းအားမြှင့် ထမ်းဆောင်ကြရန် ပြောဆိုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် နိုင်ငံတော်အစိုးရ မဟုတ်ဘဲ တိုင်းပြည်အာဏာ၊ ပြည်သူ့အာဏာကို လုယူထားသော အကြမ်းဖက် ယုတ်မာသူများ ဖြစ်ကြပြီး တိုင်းပြည်ဘဏ္ဍာဖြင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လုပ်သည်ဆိုသည်မှာ လိမ်လည်လှည့်ဖျားမှုဖြစ်ကြောင်း ဆရာတော်များက မိန့်ဆိုသည်။
“တရားနဲ့အညီ ထောက်ပံ့ထားတယ်ဆိုတာက တိုင်းပြည်ကို မတရားလုပြီးတော့မှ ထောက်ပံ့ထားတဲ့ အာဏာစက်ဖြစ်တယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍာကို အကြောင်းပြုပြီး မတရားအနိုင်ကျင့် တနည်းပြောရရင် တိရစ္ဆာန်စအိုက နတ်စကားထွက်ဆိုတာမျိုး” ဟု နွေဦးတော်လှန်ရေး သံဃကွန်ယက်မှ ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
ထို့အပြင် စစ်ကောင်စီက တစ်ပြည်လုံးရှိ ရဟန်းသာမဏေအားလုံး ဓမ္မဝိနယနှင့်အညီ စည်းကမ်းရှိရှိ စည်းလုံးညီညွတ်ကြရေး စသည်တို့ကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးက အခြေအနေအချိန်အ ခါ အားလျော်စွာ လမ်းညွှန်သြဝါဒ ပေးတော်မူရန် လျှောက်ထားခဲ့သည်ဟုလည်း သိရသည်။
“ဒါဟာ အာဏာရှင်က ရဟန်းသံဃာတွေကို ခြိမ်းခြောက်လိုက်တာပဲ။ အရှင်ဘုရားတို့ ကောင်းကောင်းနေရင်နေ မနေဘူးဆိုရင်တော့ အာဏာစက်နဲ့ ဖမ်းမယ်ဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုက နောက်ကွယ်ကပါ နေတယ်” ဟု ဆရာတော် ဦးဝါယမက မိန့်ဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရဟန်းသံဃာများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မစိုးရိမ်တိုက်သစ်/တိုက်ဟောင်း၊ ဝိသုဒ္ဓါရုံတိုက်သစ်၊ မြတောင်တိုက် စသော ရဟန်းသံဃာ အများစုနေ ထိုင်သော ကျောင်းတိုက်များကို သူပုန်စခန်းပမာ သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ လူမျိုးသုဉ်း သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှု နည်းမျိုးစုံ နေ့စဉ်ကျူးလွန်လာမှုအပြင် အဖိနှိပ်ခံပြည်သူလူထု အထွေထွေအကြပ်အတည်း စိန်ခေါ်မှုများ ခါးစည်းခံနေရသည့်အပေါ် မထင်မှတ်ဘဲ သံဃာထုပေါက်ကွဲမည်ကို စစ်ကောင်စီက အထူးစိုးရိမ်နေကြောင်း ဆရာတော်များထံက သိရသည်။
ထိုကြောင့် စစ်ကောင်စီက ကြိုကာသည့် သဘောဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)အစည်းအဝေးတွင် ယခုကဲ့သို့ ခြိမ်းခြောက်ပြောဆို လာခြင်းဖြစ်မည်ဟု မှတ်ချက်ပြုလိုကြောင်း သံဃ သမဂ္ဂ-မန္တလေးမှ အရှင်ဓမ္မမေတ္တာက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
ယင်းအပြင် ယခုနှစ်၊ ဇွန် ၁၉ ရက်ကလည်း ရွှေကျင်သံဃ အစည်းအဝေးသို့ တက်ရောက်ရန်သွားသော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်(ငြိမ်း) ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံ သ လိုက်ပါလာသည့်ကားကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်သဖြင့် ဆရာတော် ပျံလွန်တော်မူခဲ့သည်။
ထိုအပေါ် စစ်ကောင်စီက လက်ရှိအထိ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ PDF များ လုပ်ဆောင်သည်ဟု ငြင်းဆိုဝါဒဖြန့်ထားသလို ရဟန်းသံဃာငယ်များအကြား သံဃာသင်းကွဲအောင် ဝါဒမှိုင်းတိုက်ခြင်းတို့ ကိုလည်း ပြုလုပ်နေသဖြင့် ပြင်တွင်းပြည်ပ ရဟန်းသံဃာများက ပတ္တနိက္ကုဇ္ဇန-ကံဆောင် သပိတ်မှောက်ထားကြောင်း သိရသည်။
“ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေက ရဟန်းသံဃာရော ပြည်သူတွေပါ လိမ်ညာလှည့်ဖြားပြီး အုပ်ချုပ်ခဲ့တာ၊ သူတို့ မတရားရယူထားတဲ့ အာဏာနေရာ စည်းစိမ်တွေနဲ့ယှဉ်ရင် ဘယ်သူမှ ခေါင်းမထောင်နဲ့၊ ခေါင်းထောင်တာနဲ့ သတ်ပစ်ဖို့ ဝန်မလေးဘူး။ သတ်ပစ်ပြီးရင်လည်း ဘယ်တော့မှ ဝန်မခံဘူး” ဟု အရှင်ဓမ္မမေတ္တာက မိန့်ဆိုသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ကောင်စီ #အာဏာတည်မြဲရေး #ရဟန်းသာမဏေများ #ထောက်ခံလိုက်နာရန် #မဟနအစည်းအဝေး #ခြိမ်းခြောက်
လျှောက်ထား #ဦးတင်ဦးလွင် #Ayeyarwaddy_Times